နေပြည်တော် မေ ၁၇
၂၀၂၃ ခုနှစ် “ကမ္ဘာ့သွေးတိုးရောဂါနေ့” အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးဒေါက်တာအေးထွန်း က ၂၀၂၃ ခုနှစ် “ကမ္ဘာ့သွေးတိုး ရောဂါနေ့” အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Measure Your Blood Pressure Accurately, Control It, Live Longer” “သက်ရှည်ကျန်းမာနေနိုင်ဖို့၊ စနစ်တကျ သွေးပေါင်တိုင်းကာထိန်းညှိစို့” ဖြစ်ကြောင်း၊ ဆောင်ပုဒ်၏ ဦးတည်ချက်သည် ပြည်သူလူထုအတွင်း သွေးတိုးရောဂါနှင့်ပတ်သက်၍ အသိပညာမြှင့်တင်ရန်၊ သွေးပေါင်ချိန်ကို စနစ်တကနည်းလမ်းမှန်စွာ တိုင်းတာတတ်စေရန်နှင့် ထိရောက်သောကုသမှုများ ရယူတတ်စေရန်ဖြစ်ကြောင်း။
၂၀၂၃ ခုနှစ် မတ်လတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသည့် အချက်အလက်များအရ ယနေ့ကမ္ဘာတစ်ဝန်း၌ အသက် ၃၀ နှင့် ၇၉နှစ်အကြား အသက်အုပ်စုတွင် သွေးတိုးရောဂါရှိသူ ၁ ဒသမ ၂၈ ဘီလီယံခန့် ရှိသည်ကိုသိရကြောင်း၊ အဆိုပါလူဦးရေ၏ ၄၆ ရာခိုင်နှုန်းသည် မိမိတို့တွင်သွေးတိုးရောဂါရှိမှန်း သတိမပြုမိသည့်အခြေအနေတွင် ရှိနေ ကြောင်း။
မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင်တစ်ခုသည် သွေးတိုးရောဂါအပါအဝင် မကူးစက်နိုင်သောရောဂါ ဖြစ်ပွားသေဆုံးမှုကို ၂၀၁၀ ပြည့်နှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း ၃၃ ရာခိုင်နှုန်း လျှော့ချရန်ဖြစ်ကြောင်း၊ အဆိုပါ ပန်းတိုင်ကိုပြည့်မီစေရန် သွေးတိုးရောဂါစစ်ဆေးပေးခြင်း၊ အချိန်နှင့် တစ်ပြေးညီ ထိရောက်သော ကုသမှုပေးခြင်းသည် လွန်စွာအရေးကြီးသောအခန်းကဏ္ဍများဖြစ်သကဲ့သို့ ပြည်သူလူထုအကြား သွေးတိုးရောဂါအန္တရာယ်နှင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများ ဆိုင်ရာ အသိပညာမြှင့်တင်ခြင်းလုပ်ငန်းသည် အရေးကြီးသောလုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၃ ခုနှစ် ကမ္ဘာ့ သွေးတိုးရောဂါနေ့အထိမ်းအမှတ်မှတ်တမ်းဗီဒီယိုနှင့် နေအိမ်၌စနစ်တကျသွေးပေါင်ချိန်တိုင်းတာခြင်း သရုပ်ပြဗီဒီယိုကိုပြသပြီး မြန်မာနိုင်ငံသွေးတိုး ရောဂါအဖွဲ့အထွေထွေအတွင်း ရေးမှူးပါမောက္ခဒေါက်တာရဲမြင့်က “သွေးတိုးရောဂါအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့်ကျန်းမာရေးပညာပေး ဟောပြောသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ်အခမ်းအနားပြခန်းကို ကြည့်ရှုသည်။
အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံသွေးတိုးရောဂါအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် ဆေးရုံအုပ်ကြီး များ၊ ပါမောက္ခ/ဌာနမှူးများ၊ အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်