Skip to main content

မိုခါမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးခြင်း အများဆုံးပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်အတွင်းလျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၁၇

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားများ တိုးတက်ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ မေ ၁၄ ရက်တွင် တိုက်ခတ်သွားသော မိုခါမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးခြင်း အများဆုံးပျက်စီးခဲ့သည့် စစ်တွေဒေသ၊ ရသေ့တောင်ဒေသများနှင့် အခြားသော ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများသို့ အမြန်ဆုံးလျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

လုပ်ငန်းညှိနှိုင်းစည်းဝေး

ထိုသို့ ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင်ရခိုင်ပြည်နယ်စစ်တွေမြို့၌ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ် ပေးလျက်ရှိသည့် ၂၃၀ ကေဗွီအမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်း တာဝါတိုင် ၁၂ တိုင် ပျက်စီးမှုများနှင့်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလိုင်းပျက်စီးမှုများကို ပြုပြင်ဆောင်ရွက်နိုင်ရန် ဝန်ထမ်းအင်အားစုဖွဲ့ထားရှိမှု၊ ပစ္စည်းများပို့ဆောင်ရောက်ရှိမှုများနှင့် ပြင်ဆင်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်သည်။

သွားရောက်စစ်ဆေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျက်စီးနေ သော တာဝါတိုင်များ၊ ဖြန့်ဖြူးရေးလိုင်းများ ပြန်လည်ပြင်ဆင်တည်ဆောက်နိုင်ရန် ရှင်းလင်းဆောင်ရွက်နေမှုများကို လည်း ကောင်း၊ ပြုပြင်ရန်ပစ္စည်းရောက်ရှိ မှုများကိုလည်းကောင်း သွားရောက်စစ်ဆေးသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထိုသို့ပြင်ဆင်ဆောင် ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းအင်အား ၄၂၀ တို့သည်စစ်တွေဒေသ၊ မြောက်ဦးဒေသ၊ ပုဏ္ဏားကျွန်းဒေသများတွင် အသီးသီးဖြန့်ခွဲ၍ ဓာတ်အားပို့လွှတ်လျက်ရှိသည့် မဟာဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလုပ်ငန်းအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးများမှ စုဖွဲ့ထားသောကျွမ်းကျင်ဝန်ထမ်းအင်အား ၆၀၀ ဖြင့် စစ်တွေမြို့ အတွင်း ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်လျက်ရှိပြီး မေလကုန်တွင်ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတစ်ခုလုံးအား လျှပ်စစ်ဓာတ်အားပြန်လည်ရရှိ နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ပြင်ဆင်ခြင်းလုပ်ငန်းများကို အချိန်မီပြုပြင် ပြင်ဆင်နိုင်ရန်အတွက်လိုအပ်လျက်ရှိသော ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးဆက်စပ်ပစ္စည်းများဖြစ်သည့် တန်ချိန် ၆၉ တန် ရှိ တာဝါသံပေါင်များ၊ ကွန်ကရစ်တာဝါတိုင် ၃၅၀၀ နှင့် အိမ်မိုးသွပ် ချပ် ၁၅၀၀၊ မီးစက်များ၊ စက်သုံးဆီများအားတပ်မတော်ရေယာဉ်များ ဖြင့်လည်းကောင်း၊ မင်းပြားဒေသရှိကွန်ကရစ်တိုင် ၂၀၀၀ ကို စစ်တွေဒေသသို့ မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ အခြားဆက်စပ် အသုံးပြုရန် လိုအပ်သည့် ထရန်စဖော်မာများ၊ ကြိုးများ၊ ကြွေသီးများ၊ လိုင်းဆွဲသားရာတွင်အသုံးပြုသည့် ယန္တရားများအားမော်တော်ယာဉ် ၁၂ စီးဖြင့် လည်းကောင်း ပို့ဆောင်ပေးလျက်ရှိပြီး ကျန်ရှိသော ပစ္စည်းများကိုလည်း မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လျက်ရှိ ကြောင်းသိရသည်။

သတင်းစဉ်