Skip to main content

မြန်မာ့သမိုင်းစဉ်နှင့်ပတ်သက်၍ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း သုတေသနရှာဖွေတွေ့ရှိမှုနှင့်  မြန်မာ့ကျောက်ခေတ်သုတေသန အထောက်အထားအချက်အလက်များ ဆွေးနွေးပွဲကျင်းပ

နေပြည်တော် မေ ၁၇

မြန်မာနိုင်ငံ၏တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကိုရေးသားပြုစုနိုင်ရန်အတွက် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း သုတေသနရှာဖွေတွေ့ရှိမှုနှင့် မြန်မာ့ကျောက်ခေတ်သုတေသန အထောက်အထားအချက်အလက်များဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ပြုလုပ်သည်။

ဆွေးနွေးပွဲသို့ မြန်မာသမိုင်းအဖွဲ့ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာသမိုင်းအဖွဲ့မှပညာရှင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ ရှေးဟောင်းသုတေသနဆိုင်ရာ ပညာရှင်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် လက်တွေ့ကွင်းဆင်းတူးဖော်မှု ဆောင်ရွက်နေကြသော အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းစဉ်အတွက် အလွန်အရေးကြီးသော ဆွေးနွေးပွဲဖြစ်သည်နှင့်အညီ ယနေ့ သမိုင်းစဉ်ဆွေးနွေးပွဲမှအသစ်တွေ့ရှိမှု အချက်အလက်အထောက်အထားများကို ပေါင်းစပ်ဖြည့်စွက်၍ ကွင်းဆင်းလေ့လာတူးဖော်သုတေသနပြုတွေ့ရှိမှုမှ ခိုင်မာသော အထောက်အထားများဖြင့် ပိုမိုပြည့်စုံမှန်ကန်သည့် မြန်မာနိုင်ငံ၏လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း ဆိုင်ရာသမိုင်းကြောင်းကို အတည်ပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကျောက်ခေတ်သုတေသန ပြုလုပ်နေသည့် ပြည်တွင်း၊ ပြည်ပပညာရှင်များ၏ ကွင်းဆင်းလေ့လာတွေ့ရှိချက်များ၊ သုတေသနပြုတွေ့ရှိချက်များ၊ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြု တွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသောသမိုင်းစဉ် ရရှိနိုင်ရေးအတွက် မူကြမ်းပြုစုပြီးဖြစ်ပါကြောင်း။

ကျောက်ခေတ်ဆိုင်ရာ သမိုင်းစဉ်တွင် ယခင်ကမတွေ့ရှိခဲ့ရသေးသော ကျောက်ခေတ်လယ်ထွန်းကားခဲ့သည့် အထောက်အထားအသစ်တွေ့ရှိချက်များ၊ သိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုရလဒ်များကြောင့် အချို့သောသမိုင်းစဉ် ခေတ်ကာလများမှာ များစွာပီပြင်ပုံပေါ်လာပြီဖြစ်၍ မြန်မာနိုင်ငံ၏ယဉ်ကျေးမှုဖြစ်စဉ် ကွင်းဆက်ပြောင်းလဲလာမှုများကို ပြည်သူများသိရှိစေရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အလားတူ ကျောက်ခေတ်လယ်ဆိုင်ရာ အသစ်တွေ့ရှိချက်များကို နိုင်ငံတကာစာတမ်းဖတ်ပွဲ ပြုလုပ်၍ နိုင်ငံတကာပညာရှင်များ သိရှိလက်ခံအောင် ဆောင်ရွက်သွားရန် ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာနမှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်က မြန်မာ့မြေလွှာဖြစ်တည်မှုအကြောင်းကိုလည်းကောင်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချစ်စိန်က ပုံတောင်ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေတွေ့ရှိမှုသမိုင်းကိုလည်းကောင်း၊ ဗန်းမော်တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်က ဧရာဝတီပရိုင်းမိတ်ရှာဖွေတွေ့ရှိမှုနှင့် အထောက်အထားများအကြောင်းကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ပြင်ဆင်ဖြည့်စွက်လိုသည်များကို ဆွေးနွေးပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်က ဆွေးနွေးချက်များအပေါ် သုံးသပ်တင်ပြသည်။

မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်ခေတ်ဆိုင်ရာ သုတေသနအထောက်အထားအချက်အလက် ဆွေးနွေးပွဲကိုဆက်လက်ပြုလုပ်ရာ ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း (ပြည်) မှ ကျောင်းအုပ်ကြီးဦးဝင်းကြိုင်က မြန်မာ့ကျောက်ခေတ်အကြောင်းကို တင်ပြဆွေးနွေးပြီး ယခင်မတွေ့ရှိရသေးသော ကျောက်ခေတ်လယ်ယဉ်ကျေးမှုကို ဖော်ထုတ်နိုင်ခဲ့ပြီး ကျောက်ခေတ်ကိုပြည့်စုံစွာမြန်မာ့မြေပေါ်တွင် တစ်ဆက်တစ်စပ်တည်းပေါ်ပေါက်ခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက ပြင်ဆင်ဖြည့်စွက်လို သည်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်က အထွေထွေဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်