Skip to main content

ဟားခါးမြို့နယ်၊ မတူပီမြို့နယ်နှင့် လိုင်လင်းပီမြို့တို့ရှိ လေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့်စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်

နေပြည်တော် မေ ၁၇

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ မတူပီမြို့နယ်နှင့် လိုင်လင်းပီမြို့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအဆောက်အဦများပြိုကျ၊ ပျက်စီးခဲ့သည့် လေဘေးသင့်အိမ်ထောင်စု စုစုပေါင်း ၂၂၀ စုတို့မှ လေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းတွင် ဟားခါးမြို့၊ ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လေဘေးသင့်ပြည်သူ များတက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်က အားပေးစကားပြောကြားသည်။ ထို့နောက် ချင်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လေဘေးသင့်အိမ်ထောင်စု စုစုပေါင်း ၂၂၀ စုတို့အား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ရာ လေဘေးသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြန်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် လေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။