Skip to main content

မင်းဘူး-ပွင့်ဖြူ-စလင်း ကားလမ်းမပေါ် ရေကျော်နေသဖြင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေး

ပွင့်ဖြူ  မေ  ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်  ယနေ့နံနက်ပိုင်းက  မင်းဘူး(စကု)မြို့နယ် ကျောက်စစ်ပုံကျေးရွာအနီး မင်းဘူး-ပွင့်ဖြူ-စလင်းသွား ကားလမ်းမပေါ်  ရေကျော်ကျနေကြောင်း သိရ၍ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက  ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး  လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူ့အကျိုးပြု သွားရောက်ကူညီဆောင်ရွက်ပေးရာတွင် မင်းဘူးခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း ၏ ကြီးကြပ်မှုဖြင့် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မင်းဘူး-ပွင့်ဖြူ-စလင်း သွားကားလမ်းတွင် ဖြတ်သန်း သွားလာမောင်းနှင်သော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် ကုန်တင်ယာဉ်များအား ယာဉ်အန္တရာယ်ကင်းစွာ မောင်းနှင်သွားလာနိုင်ရန်အတွက် ဘေးလွတ်သည့် လမ်းအမှတ်အသားများ ညွှန်ပြပေးခြင်း၊ သွားလာရန် အခက်ခဲ့ရှိသော သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ချောင်းရေအကျော် ဘေးလွတ်ရာထိ ကူညီပို့ဆောင်ပေးခြင်း၊ ယာဉ်ပေါ်ပါ အသုံးအဆောင်ပစ္စည်းများအား ကူညီသယ်ယူပို့ဆောင်ပေးခြင်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကားလမ်းမပေါ် ရေကျော်ကျမှုနှင့် ပတ်သက်၍ အခြား လူ/ယာဉ်၊ ပစ္စည်းတစ်စုံတစ်ရာ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က ပြောပြ၍ သိရသည်။

မြို့နယ်(ပြန်/ဆက်)