ပွင့်ဖြူ မေ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မေ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသွား သုံးမိုင်ခွဲ ကွန်ကရစ်လမ်းပေါ်ရှိ ကျွဲတံခါးကျေးရွာ အနီး ကျွဲတံခါးရေကျော်ချောင်းပေါင်း၌ ရေတိုက် စားမှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာရှိ ဒေသခံပြည် သူများထံမှ သိရသည်။
"ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ကျွန်တော်တို့ မြို့နယ်မှာလဲ မေ ၁၃ ရက်နေ့ကစပြီး ၁၄ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ မိုးရွာသွန်းမှုကြောင့် နွေသီးနှံစိုက်ခင်းအချို့ ရေနစ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်တို့ ကျေးရွာအနီးက ကြီးအုံကြီးဝတမံသို့သွားတဲ့ သုံးမိုင်ကွန်ကရစ်လမ်းပေါ်က ရေကျော်ချောင်းပေါင်းလဲ ရေတိုက်စားမှုဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ ဒါ့ကြောင့် ကြီးအုံကြီးဝတမံသွားတဲ့ သုံးမိုင်ခွဲကွန်ကရစ်လမ်းကို ဖြတ်သန်းသွားလာကြသူများ အန္တရာယ်ကင်းဝေးစေဖို့ ကြိုတင်အသိပေးနှိုးဆော်ထားပါတယ်"ဟု ပွင့်ဖြူမြို့နယ် ကျွဲတံခါး ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေ ဖြန့်ဝေပေးလျက်ရှိသည့် တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ စိုက်ပျိုးဖြန့်ဝေပေးနေသော ရေပေးလက်တံမြောင်းအချို့လဲ ရေတိုက်စားမှုကြောင့် ကျိုးပဲ့ပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါ ရေတိုက်စားမှုကြောင့် ကျိုးပဲ့ပျက်စီးသည့်နေရာများကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒေသခံတောင်သူများ ကြိုးပမ်းစိုက်ပျိုးထားရှိသည့် နွေသီးနှံအတွက် ဆည်ရေအဆင်ပြေစွာ ပေးဝေးနိုင်ရန် အမြန်ပြုပြင်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)