ပြင်ဦးလွင် မေ ၁၅
မန္တလေးဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးမြို့နယ်တွင် ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်အချိန် တိုင်းထွာချက်အရ မြေပြင်လေတိုက်နှုန်း ၁ နာရီ ၉ မိုင်နှုန်း ဖြင့် တိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျခြင်းများ ဖြစ်ပေါ်ခဲ့ရာ လမ်းပိတ်ဆို့မှု မရှိစေရေး တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၀)၊ မန္တလေး-လားရှိုး အတက်လမ်းဘေးရှိ အမြင့်(၂၅) ပေ၊ လုံးပတ်(၅)ပေခန့်ရှိ စိန်ပန်းပင် လဲကျခဲ့ရာ လမ်းဘေးရှိ ဆက်သွယ်ရေးတိုင်(၃)တိုင် ကျိုးကျပျက်စီးခဲ့ပြီး ကာလတန်ဖိုး(၇၅၀၀၀၀)ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ အလားတူ ရပ်ကွက်ကြီး (၁၂)ရှိ မောဓနု စားသောက်ဆိုင်ရှေ့ ဆက်သွယ်ရေးတိုင်(၁)တိုင်မှာ မိုးရွာ/ လေတိုက်ခတ်မှုကြောင့် လဲကျပျက်စီးခဲ့ရာ ကာလတန်ဖိုး(၂၅၀,၀၀၀)ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါနေရာများအား ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ပြင်ဦးလွင် မြို့နယ်မီးသတ်မှ တပ်ဖွဲ့ဝင် (၁၁)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်(၁၀)ဦးတို့မှ ပူးပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၄၀ မိနစ် အချိန်တွင် ရှင်းလင်းပြီးစီးခဲ့ပြီး အဆိုပါ သစ်ပင်သစ်ကိုင်းများ လဲကျခြင်းများကြောင့် လက်ရှိတွင် ယာဉ်/လမ်းပိတ်ဆို့မှုမရှိဘဲ လူနှင့်တိရစ္ဆာန်များလည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ထို့ပြင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ လဲကျနိုင်သည့် အပင်အို အပင်ဟောင်းများကို ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရးအဖွဲ့ဝင်များ၊ တပ်နယ်မှတာဝန်ရှိသူများ ၊ စည်ပင်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များက ဆက်လက်ဖယ်ရှားရှင်းလင်းခြင်းများ ဝိုင်းဝန်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)