Skip to main content

ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရှေးဟောင်းပစ္စည်းများအနည်းငယ်ပျက်စီး

ညောင်ဦး  မေ  ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မေ ၁၄ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းအဆောက်အအုံများ အနည်းငယ်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ဓမ္မရာဇကဘုရား အနောက်မြောက်ထောင့် အောက်ခြေပတ်လည် ရင်ပြင်အုတ်ခုံ အလျား(၁၅)ပေ၊ အကျယ်(၂.၅)ပေ၊ အမြင့် (၈)ပေခန့်အုတ်များပဲ့ကျခဲ့ပြီး ပျက်စီးမှုရာ ခိုင်နှုန်း (၀.၀၁)ရာခိုင်နှုန်းရှိခဲ့ပြီး ဆက်လက်ပဲ့ကျမှုမရှိစေရေး မိုးကာများဖြင့် အုပ်မိုးထားကြောင်း၊ ထီးလိုမင်းလိုဘုရား အရှေ့မုခ်အဝင်  မြောက်ဘက်တံတိုင်း ချင်းမိတ် တိုး အလျား(၈)ပေ၊ အနံ(၂)ပေခန့်၊ ပြိုကျပျက်စီးခဲ့ကြောင်း၊ ပျက်စီးမှုရာခိုင်နှုန်း(၀.၀၁) ခန့်ဖြစ်သည်။

အလားတူ သဗ္ဗေညုဘုရား တောင်ဘက်အုတ်တံတိုင်း အလျား(၁၃)ပေ၊ အမြင့်(၃)ပေ၊ ထု (၁)ပေနှင့် (၄) လက်မခန့်ပဲ့ကျခဲ့ရာ ပျက်စီးဆုံးရှုံးမှုရာခိုင်နှုန်း(၀.၀၅)ရာခိုင်နှုန်းခန့်ဖြစ်ပြီး ပုထိုးသားများဘုရား အရှေ့ဆင်ဝင်မျက်နှာစာ အလျား(၁၅)ပေ၊ ထု(၃)ပေ ခန့် အုတ်တစ်လွှာပဲ့ကျခဲ့ကြောင်း၊ အာနန္ဒာဘုရားကြီးအတွင်း ရေဝင်ရောက်နေသည့်အတွက် ရေစက်စုပ်(၂)လုံးဖြင့် ရေစုပ်ထုတ်ခြင်း၊ ရေထွက်ပေါက်များမှဖောက်ထုတ် ဆောင်ရွက်ခြင်း ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် စူဠာမဏိဘုရားကြီးအတွင်း မိုးသည်းထန်ပြီးရေဝင်ရောက်မှုကြောင့် ရေစုပ်စက် (၇)လုံးဖြင့်ရေများစုပ်ထုတ်နေပြီး အနော်ရထာမင်းကြီး နန်းတော်ရာအဆောင်(B) ရေဝင်ရောက်နေသည့်အတွက် ရေစုပ်စက်(၂)လုံးဖြင့် စုပ်ထုတ်ခြင်းများ၊ ရေထွက်ပေါက်များဖောက်ထုပ်ခြင်းလုပ်ငန်းများအား ညောင်ဦးခရိုင် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းနှင့် ညောင်ဦးမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်အဖွဲ့ဝင်များမှ အနီးကပ်ကြီးကြပ်လုပ်ဆောင်လျက်ရှိပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာခွဲ၊ တာဝန်ရှိသူများက ဆက်လက်မပြိုကျစေရေးမိုးကာများအုပ်ထားလျက်ရှိကြောင်းသိရသည်။

ဒီပါလင်း