ညောင်ဦး မေ ၁၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံဒေသတွင်မုန်တိုင်းအကြို မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိခြင်းကြောင့် မေ ၁၃ ရက်၊ နံနက်ပိုင်းအချိန်မှစတင်ကာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ပြုပြင်ထိန်းသိမ်းရေးဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီမွန်းနှင့် ပြုပြင်ထိန်းသိမ်းရေးဌာနစုမှ အင်ဂျင်နီယာများ၊ နံရံပန်းချီဌာနစိတ် ဝန်ထမ်းများနှင့် ရုံးဝန်ထမ်းများသည် ဇုန်နယ်မြေရှိ ရှေးဟောင်းအဆောက်အအုံများအား ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။
ရှေးဟောင်းအဆောက်အအုံနှင့် ပတ်သက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရဗိုလ်ခေါင်းဆောင်သည့် အင်ဂျင်နီယာများဖြင့် နယ်မြေ(၁၁)ခုအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာ အင်ဂျင်နီယာအဖွဲ့(၁)မှ အငယ်တန်းအင်ဂျင်နီယာများဖြစ်ကြသော ဒေါ်ယဉ်ယဉ်စိုး၊ ဦးသူရအောင်တို့ကလည်းကောင်း၊ အဖွဲ့(၂)မှ လက်ထောက်အင်ဂျင်နီယာ ဦးဝင်းဌေးနှင့်အငယ်တန်းအင်ဂျင်နီယာများဖြစ်ကြသော ဦးကွမ်းနုတ်၊ ဦးလှမျိုးထွန်း နှင့် ဒေါ်စောယုခိုင်တို့ကလည်းကောင်း၊ အဖွဲ့(၃)မှ အငယ်တန်းအင်ဂျင်နီယာများဖြစ်ကြသော ဒေါ်အေးအေးသီ၊ ဦးဇော်ထက်အောင်၊ ဒေါ်မိုးမိုးမြင့်တို့ကလည်းကောင်း၊ အဖွဲ့(၄)မှ လက်ထောက်အင်ဂျင်နီယာ ဒေါ်မဉ္ဇူဝင်း၊ အငယ်တန်းအင်ဂျင်နီယာများဖြစ်ကြသော ဒေါ်ပြုံးမို့မို့လှိုင်၊ ဦးရဲသွင်အောင်၊ ဒေါ်အေးသန္တာတို့ကလည်းကောင်း နယ်မြေအသီးသီးအလိုက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
နံရံပန်းချီအင်္ဂတေပန်းများနှင့် ပတ်သက်၍ ဓာတ်ခွဲခန်းဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်လင်ဦးဆောင်သည့် နံရံပန်းချီရှိ ရှေးဟောင်းအဆောက်အအုံများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ အဖွဲ့ (၁)မှ ဦးစီးအရာရှိ ဒေါ်ပပသင်း ၊ ဒုတိယဦးစီးမှူးများဖြစ်ကြသော ဦးဝင်းမြင့်ဦး၊ ဦးရဲရင့်ဦး၊ ဒေါ်သီတာခိုင်၊ ဓာတုကျွမ်းကျင် ဦးမြင့်စိုးနှင့် ဒေါ်ခိုင်ဇင်ဝင်းတို့က လည်းကောင်း၊ အဖွဲ့(၂)အား ဒုတိယဦးစီးမှူး ဒေါ်လင်းလင်းအိ၊ ဦးရဲဝင်း၊ ဓာတုကျွမ်းကျင် ဦးမြတ်ကိုကို၊ ဒေါ်ငြိမ်းငြိမ်းကောင်းစံတို့က အသီးသီး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးချက်အရ ရှေးဟောင်းအဆောက်အအုံများနှင့် နံရံပန်းချီများထိခိုက်ပဲ့ကျပျက်စီးမှု မတွေ့ရှိရဘဲအချို့ ရှေးဟောင်းအဆောက်အအုံ အနည်းငယ်တွင်သာ သာမန်မိုးရေယိုစိမ့်မှုများ ဖြစ်ပေါ်သည်ကိုတွေ့ရှိရပြီး အချို့ဘုရားအခြေနေရာတွင် ရေအနည်းငယ် ယာယီဝပ်နေသဖြင့် Conservation Guideline များနှင့် အညီဆက်လက်ဆောင်ရွက်လျက်ရှိသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေစီးဆင်းသည့်လမ်းကြောင်းများအနက် ပုဂံမျှော်၊ ရွှေနန်းရင်တော်ဘုရားစု တစ်ဝိုက်မှရေများ အနော်ရထာလမ်းမကြီးကို ဖြတ်ကျော်စီးဆင်းခဲ့သဖြင့် ရွာဟောင်းကြီးဘုရားအနီးတွင် ရေများယာယီဝပ်ခြင်းများအား တွေ့ရှိရသည်။ ထိုရေများ မဝပ်စေရန်အတွက် ရေစီးမြောင်း၊ ရေခေါ်မြောင်းအား ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အဆိုပါရေဝပ်ဧရိယာမှရေများ ပုဂံမြို့ရိုးကျုံး အတွင်းစီးဆင်းမည့်နိုင်မည့် လုပ်ငန်းစဉ်များအား မကြာမီကာလတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၁ ခုနှစ်က ရေကြီးရေလျှံရေဝပ်မှုဖြစ်ပေါ်ခဲ့သည့် စူဠာမဏိဘုရားတဝိုက်တွင် ရေနှုတ်မြောင်းနှင့် ရေလွှဲများပြုလုပ်ခြင်း၊ မန်ကျည်းကန်ဆယ်ခြင်း၊ တံတိုင်းရေထွက်ပေါက်များ ရေစီးဆင်းမှုကောင်းစေရန် ဌာနက ကြိုတင်ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခုအခါ ရေကြီးရေဝပ်ခြင်း မရှိကြောင်းသိရသည်။
ဒီပါလင်း