Skip to main content

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော် ဩဂုတ် ၁၂

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် နိုင်ငံအရပ်ရပ်တွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာ သံရုံး၊ ဝါရှင်တန်မြို့နှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဒုတိယအကြိမ်မြောက် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(MAI) ကယ်ဆယ်ရေး လေယာဉ်အား ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ပြေးဆွဲခဲ့သည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် အမေရိကန်ပြည်ထောင်စု မှ မြန်မာနိုင်ငံသား ၉၂ ဦး၊ ကိုရီးယား သမ္မတနိုင်ငံမှ မြန်မာ နိုင်ငံသား ၁၈ ဦးနှင့် မြန်မာသင်္ဘောသား ၁၅ ဦး စုစုပေါင်း ၁၂၅ ဦးတို့ လိုက်ပါလာခဲ့ရာ ယနေ့ ညပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် ၂၁ ရက်တာ အသွား အလာ ကန့်သတ်နေထိုင် ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coro-navirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက် နှင့်အညီ နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံ များရှိ မြန်မာသံရုံးများ နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ အထိ မြန်မာနိုင်ငံသား စုစုပေါင်း ၁၀၄၈၂ ဦးအား ကယ်ဆယ်ရေး လေယာဉ်/အထူး လေယာဉ်များဖြင့် ပြန်လည် ခေါ်ဆောင် ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်