Skip to main content

ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(ဝ၈/၂၀၂၃)

(၂၀၂၃ ခုနှစ်၊ မေလ၁၁ရက်နေ့ မြန်မာစံတော်ချိန်(၁၈:၀၀) နာရီအချိန်ထုတ်ပြန်ချက်)

(က) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အခြေအနေ

(၁) ယနေ့မြန်မာစံတော်ချိန်(၁၇:၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “မိုခါ(MOCHA)” သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၄၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun)၏ အနောက်တောင်ဘက် ရေမိုင်(၄၅၅) မိုင်ခန့်၊ စစ်တွေမြို့ (Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၇၅) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၄၅၀)မိုင်ခန့်၊ ပို့ပလဲယား(PortBlair)၏ အနောက်ဘက် ရေမိုင်(၂၈၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar) ၏ တောင်-အနောက်တောင်ဘက်ရေမိုင်(၆၂၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”သည် မြန်မာစံ တော်ချိန် (၁၇:၀၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၁.၈)ဒီဂရီနှင့် အရှေ့လောင် ဂျီကျု (၈၇.၉) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆)ဟက်တိုပါစကယ်နှင့် အမြင့် ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ (၅၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

(ဂ) နောက်(၄)ရက်အတွင်း ခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ(MOCHA)” အဖြစ်သို့လည်းကောင်း၊(၁၂.၅.၂၀၂၃)ရက်နေ့တွင် မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)” အဖြစ်သို့လည်းကောင်းရောက်ရှိနိုင်ပါသည်။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)” သည် (၁၄.၅.၂၀၂၃) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကမ်းခြေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Cox’s Bazar) နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ (Kyaukpyu) တို့ကြား စစ်တွေမြို့ (Sittwe) အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ) သတိပေးနှိုးဆော်ချက်

(၁) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”၏အရှိန်ကြောင့် ယနေ့ညနေမှ (၁၅.၅.၂၀၂၃) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ‌မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(၂) သို့ဖြစ်ပါ၍ ယနေ့ညနေမှ (၁၄.၅.၂၀၂၃) ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်း များကျရောက်ပြီးလှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင် (၈၀) မှ မိုင်(၁၀၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၃)ပေမှ (၁၆) ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင် (၄၀)မှ (၄၅)မိုင်ခန့်အထိ တိုက်ခတ်နိုင်ပါသည်။လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

(၃) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ (Kyaukpyu) တို့ကြား စစ်တွေမြို့(Sittwe)အနီးမှ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၉၀)မှ မိုင်(၁၀၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(၄) မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း(၁၀)ပေမှ (၁၄)ပေခန့်အထိနှင့် ကျောက်ဖြူခရိုင်ရှိမြစ်ဝ၊ မြစ်လက်တက်များအတွင်း(၇)ပေမှ (၁၀)ပေခန့် အထိမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရပါသည်။

(င) အကြံပြုချက်

အဆိုပါဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “မိုခါ(MOCHA)”၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူမြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏အချိန်နှင့် တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန် အကြံပြုအပ်ပါသည်။

#မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန