နေပြည်တော် မေ ၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ဇော်ဂျီကြိုးဝိုင်းအတွင်းရှိ ၁/၂၀၂၁ စီးပွားရေး ကျွန်းစိုက်ခင်းဧက ၅၀ အောင်မြင်ဖြစ်ထွန်းနေမှုနှင့် ထိန်းသိမ်းစောင့်ရှောက်ထားမှု၊ ၁/၂၀၂၂ စီးပွားရေးကျွန်းစိုက်ခင်းဧက ၅၀ စိုက်ပျိုးထားမှုနှင့်ရှင်သန်မှု၊ ယခုနှစ် မိုးရာသီတွင်တည်ထောင်စိုက်ပျိုးမည့် စီးပွားရေးကျွန်းစိုက်ခင်း ၇၅ ဧက မြေပြင်ခြင်းနှင့်ပျိုးထောင်ဆောင် ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သစ်တောစိုက်ခင်းများ တိုးမြှင့်တည်ထောင်ရေး၊ တည်ထောင်ပြီးစိုက်ခင်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေး၊ သဘာဝတောများကာကွယ်ရေးနှင့် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းရေးတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်ဇော်ဂျီကြိုးဝိုင်း အတွင်း ၂၀၂၂ မိုးရာသီတွင် ဆောင်ရွက်ခဲ့သော စီးပွားရေးကျွန်းစိုက်ခင်းဟောင်း ၈၂ ဧက ပြန်လည်ပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရပ်စောက်မြို့နယ် မြို့မပျိုးဥယျာဉ်အတွင်း လူထုဖြန့်ဝေစိုက်ပျိုးခြင်းအတွက် ပျိုးပင် ၇၈၀၀၀ ပျိုးထောင်ထားရှိမှုနှင့် ထီးခမ်းပျိုးဥယျာဉ်အတွင်းရေဝေရေလဲစိုက်ခင်း၊ လမ်းဘေးဝဲယာ တစ်အုပ်တစ်မနှင့်ကွက်လပ်ဖြည့် စိုက်ပျိုးခြင်းအတွက် ပျိုးပင် ၄၀၀၀၀ ပျိုးထောင်ထားရှိမှု၊ ရပ်စောက်မြို့နယ်ပင်ဖြစ်ကြိုးဝိုင်း အတွင်းရှိ ၂/၂၀၂၂ ရေဝေရေလဲစိုက်ခင်း ဧက ၅၀ စိုက်ပျိုးထားရှိ မှု၊ စိုက်ခင်းအတွင်း ရေတိုက်စားမှု ကာကွယ်ခြင်းနှင့်မြေဆီလွှာ ထိန်းသိမ်းခြင်းဆောင်ရွက်ထားမှု၊ ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် ၂/၂၀၂၃ ရေဝေရေလဲ စိုက်ခင်းဧက ၅၀ ပန္နက်ရိုက်၊ ကျင်းတူး၊ မြေဖို့ မြေပြင်ခြင်းလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည် ထောင်စုဝန်ကြီးသည် တောင်ကြီးထင်းကြိုးဝိုင်း၊ အကွက်အမှတ် ၄၊ ၅ အတွင်း ယခုနှစ်မိုးကြိုကာလတွင် စိုက်ပျိုးမည့် ၁/၂၀၂၃ ရေဝေရေလဲ ထင်းရှူးစိုက်ခင်း ဧက ၁၀၀ ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ရေတိုက်စားမှုနှင့်မြေဆီလွှာတိုက်စားမှုမရှိစေရေး ကွန်တိုအလိုက် မြေဆီလွှာထိန်းသိမ်းရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တောင်ကြီးမြို့နှင့် ပတ်ဝန်းကျင်စိမ်းလန်းသာယာ စေရေးထင်းရှူးစိုက်ခင်းများ တိုးချဲ့တည်ထောင်ရေး၊ သဘာဝထင်းရှူးတောနှင့် ထင်းရှူးစိုက်ခင်းဟောင်းများ ထိန်းသိမ်း ကာကွယ်ရေး မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ထီသိမ်ကန်စိမ်းလန်း စိုပြည်ရေးနှင့်ရေဝေရေလဲ ထိန်းသိမ်းရန် ၂၀၂၂ မိုးရာသီ ကွက်လပ်ဖြည့် ထင်းရှူးစိုက်ပျိုး ခြင်း အပင် ၁၀၀၀၀ စိုက်ပျိုးထား မှုနှင့် ရှင်သန်အောင်မြင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အင်းလေးကန် ရေဝေရေလဲ ထိန်းသိမ်းရေးစီမံကိန်းအရညောင်ရွှေမြို့နယ် ခေါင်တိုင် ပျိုးဥယျာဉ်အတွင်း ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးရန် နှင့် ၂၀၂၄ မိုးရာသီတွင်စိုက်ပျိုးရန် ကြိုတင်ပျိုးထားသော ပျိုးပင် ၁၃၀၀၀၀ ကျော်ပျိုးထောင်ထားရှိ မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်