နေပြည်တော် မေ ၉
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံး အမှတ် (၂၆) ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၌ကျင်းပသည့် နိုင်ငံတော်အတွက်ရရန်ရှိသည့်အခွန်များ မှန်မှန်ကန်ကန်ရရှိနိုင်ရေးကိစ္စနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
တက်ရောက်
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဦးသောင်းဟန်၊ ဦးအောင်နိုင်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးဗိုလ်မှူးချုပ် လူမွန်၊ ဦးမောင်မောင်ဝင်း၊ ဦးထွန်းအုံ၊ ဦးသန့်စင်နှင့်သက်ဆိုင်ရာဌာန အကြီးအကဲများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနအနေဖြင့်ပြည်ထောင်စု၏ သုံးလပတ်အလိုက်အခွန်ရငွေကို ပြည်ထောင်စုအစိုးရအဖွဲ့သို့လည်းကောင်း၊ ခြောက်လပတ်အလိုက်အခွန်ရငွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့လည်းကောင်း အစီရင်ခံတင်ပြလျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် နိုင်ငံတော်၏အခွန်ရငွေစာရင်းများ တင်ပြမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်အတွက် ရရန်ရှိသည့်အခွန်များ မှန်မှန်ကန်ကန်ရရှိရန် လိုအပ်သဖြင့် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့်ညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားမှုပြုခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တတိယသုံးလပတ် နိုင်ငံတော်၏အခွန်ရငွေစာရင်းများတွင် အခွန်အကောက်ရငွေလျာထားချက်ထက် ကျော်လွန်ကောက်ခံနိုင်သော ဝန်ကြီးဌာနများရှိသကဲ့သို့ လျာထားချက် ပြည့်မီအောင်ကောက်ခံနိုင်ခြင်းမရှိသည့် ဝန်ကြီးဌာနအချို့လည်းရှိနေသည်ကို စိစစ်တွေ့ရှိရကြောင်း။
ကြိုးပမ်းဆောင်ရွက်
ယနေ့ အစည်းအဝေးတွင်လျာထားချက်ပြည့်မီအောင် ကောက်ခံနိုင်ခြင်းမရှိသည့် ဝန်ကြီးဌာနများအနေဖြင့် အခွန်ရငွေလျော့နည်းရသည့်အကြောင်းရင်းများကို စိစစ်ဖော်ထုတ်၍ လာမည့်ဘဏ္ဍာရေးနှစ်တွင် အခွန်အကောက်ရငွေများ မှန်မှန်ကန်ကန်နှင့်အပြည့်အဝကောက်ခံ ရရှိနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့်အစီအမံများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း၊ နိုင်ငံတော်၏ဝင်ငွေကိုရှာဖွေရာတွင် အခွန်စည်းကြပ်ကောက်ခံရေးသည်အဓိကကျသည့်အတွက် နိုင်ငံတော်အတွက်အခွန် ကောက်ခံပေးနေသော ဝန်ကြီးဌာနများအားလုံးအနေဖြင့် အားနည်းချက်များကို ပြုပြင်ကာလာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အတွက်ရသင့်ရထိုက်သော အခွန်အကောက်များကိုလျာထားချက်များနှင့်အညီ မှန်မှန်ကန်ကန်နှင့်အပြည့်အဝကောက်ခံရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက်တိုက်တွန်းပါကြောင်း ပြောကြားသည်။
ညှိနှိုင်းဆွေးနွေး
ထို့နောက် တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများက အခွန်အကောက်များကို လျာထားချက်ပြည့်မီအောင် ကောက်ခံရရှိနိုင် ရေးနှင့် အသုံးစရိတ်များကိုလည်း လျာထားချက်များနှင့်အညီ ထိရောက်စွာသုံးစွဲနိုင်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။
ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးက သုံးသပ်ဆွေးနွေးပြီး ပြည်ထောင်စု၏အခွန်အကောက်ဥပဒေနှင့်အညီ နိုင်ငံတော်အတွက်ရရန်ရှိသည့် အခွန်များမှန်မှန်ကန်ကန်ရရှိနိုင်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူလျက် အခွန်ငွေများအပြည့်အဝကောက်ခံရရှိ နိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်