နေပြည်တော် ဧပြီ ၂၉
တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများတရားစီရင်ရေး အထောက်အကူပြုအဖွဲ့ (၁/၂၀၂၃) အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့၊ ၀၉၀၀ အချိန်တွင် ရုံးအမှတ်-၁၀၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများတရားစီရင်ရေးအထောက်အကူပြုအဖွဲ့၊ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ အပါအဝင် ဖိတ်ကြားထားသူ ၁၂ ဦး၊ Online ဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ ၇၅ ဦး၊ စုစုပေါင်း ၈၇ ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးအား အစီအစဉ် ၁၆ ရပ်ဖြင့်ကျင်းပခဲ့ရာ တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေးအထောက်အကူပြုအဖွဲ့၊ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်ကစ၍ ကိုဗစ်-၁၉ ရောဂါကြောင့် တရားရုံးများအပြည့်အဝရုံးထိုင်စစ်ဆေးနိုင်ခဲ့ခြင်းမရှိခဲ့သဖြင့် စစ်ဆေးဆဲ အမှုများကြန့်ကြာမှုမရှိစေရန်၊ ပြစ်မှုကျူးလွန်ခံရမှုကြောင့် ထိခိုက်နစ်နာသူများ နစ်နာမှုမရှိစေရန်၊ တရားစွဲဆိုခံထားရသူများရဲ့ အခွင့်အရေးများဆုံးရှုံးမှုမရှိစေရန်အတွက် တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေးအထောက်အကူပြုအဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် ၃၄၀/၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့ပြီး အထောက်အကူပြုလုပ်ငန်းအဖွဲ့နှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့တို့ကို ထပ်မံဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ တရားစီရင်ရေးတွင် ဝင်ရောက်စွက်ဖက်ရန် မဟုတ်ဘဲ တရားရုံးများ၌ စစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများကို မြန်ဆန်၊ မှန်ကန်စွာဖြင့် စစ်ဆေးစီရင်နိုင်ရန်အတွက် လိုအပ်သည့်ကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၁-၂-၂၀၂၁ ရက်နေ့မှစ၍ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များနှင့်ဆက်စပ်ပြီး အရေးယူထားသည့်အမှုများအနက် သီးသန့်တရားရုံးထိုင်၍ စစ်ဆေးဆဲအမှုများ၊ အကြမ်းဖက်မှုနှင့်ဆက်စပ်၍ ကျူးလွန်ခဲ့သည့်ပြစ်မှုများကို သီးသန့်တရားရုံးဖြင့် စစ်ဆေးသင့်သည့်အမှုများ၊ အချုပ်တရားခံ ၂ နှစ်နှင့်အထက်ကြန့်ကြာနေသည့် ရာဇဝတ်မှုများ၊ ထူးခြားထင်ရှားသောအမှုများအား ဦးစားပေးအဖြစ်သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊
တရားရုံးစစ်ဆေးဆဲအမှုများကို တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် ၁၄ ရုံး၊ ခရိုင်တရားရုံး ၁၁၄ ရုံး၊ မြို့နယ်တရားရုံး ၃၀၈ ရုံးနှင့် သီးသန့်တရားရုံး ၁၈၉ ရုံး၊ စုစုပေါင်း ၆၂၅ ရုံးဖြင့် တရားစီရင်ရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာတွင် တရားစွဲအဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေရုံးများနှင့်တရားရုံးများတွင်တွေ့ရှိရသည့်အားနည်းချက်များအပေါ် အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများအားသုံးသပ်ဆွေးနွေးခဲ့ပြီး ပထမအဆင့်ရည်မှန်းချက်အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ သတ်မှတ်၍ တရားရုံးစစ်ဆေးဆဲ မှုခင်းများအားရာနှုန်းပြည့်နီးပါး ပြီးပြတ်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ဒုတိယအဆင့်ရည်မှန်းချက်ကာလကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိသတ်မှတ်၍ ကျန်ရှိသည့်အမှုများပြီးပြတ်အောင်ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များအနေဖြင့် စီမံချက်ရေးဆွဲဆောင်ရွက်၍ အဖွဲ့ဝင်များအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် လိုအပ်သည့်အကြံဉာဏ်များကို ဖြည့်စွက်ဆွေးနွေးပေးပါရန် ပြောကြားခဲ့ပါကြောင်း၊
ဆက်လက်၍ တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများတရားစီရင်ရေး အထောက်အကူပြုအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်တိုးရီက စတင်ဖွဲ့စည်းခဲ့သည့် ၈-၁၁-၂၀၂၁ ရက်နေ့မှစတင်၍ တရားရုံးစစ်ဆေးဆဲအမှုအရေအတွက်များ၊ လစဉ်တရားရုံးများမှ အပြီးသတ်အမိန့်ချမှတ်ခဲ့သည့်အမှုများ၊ လစဉ်တရားရုံးများသို့ ထပ်မံစွဲတင်ခဲ့သည့်အမှုများနှင့် လက်ကျန်အမှုများကို ကျန်ရှိသည့်ကာလများတွင် ဆက်လက်ဆောင်ရွက်မည့်အစီအမံများအား ဆွေးနွေးတင်ပြခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် Online ဖြင့် တက်ရောက်သည့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်များမှ အသီးသီးတင်ပြ ဆွေးနွေးခဲ့ပါကြောင်း၊
ဒုတိယအဆင့် ရည်မှန်းချက်ကာလဖြစ်သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်တွင် ကျန်ရှိသည့် တရားရုံးစစ်ဆေးဆဲအမှုများကိုစစ်ဆေးစီရင်ရာတွင် လျာထားစီမံချက်ပါအတိုင်း ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် တွေ့ကြုံလာသည့်အခက်အခဲများအပေါ် ဝိုင်းဝန်းပူးပေါင်းညှိနှိုင်းဖြေရှင်းကြရန်၊ ဌာနဆိုင်ရာအဖွဲ့အစည်းအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ၁၄၁၀ အချိန်တွင် အစည်းအဝေးပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။