နေပြည်တော် ဧပြီ ၂၄
ကျောင်းသား ကျောင်းသူ မျိုးဆက်သစ် လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ယနေ့တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ကြသည်။
ပင်လယ်ရေကြောင်း ပညာများကို စိတ်ပါဝင်စားပြီး နိုင်ငံတော်အတွက် စိတ်ဓာတ် စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးတွင်ရေကြောင်း ပို့ဆောင်ရေးကဏ္ဍ အရေးပါကြောင်း လူငယ်များသိရှိ နားလည်စေရန်၊ လှေလှော်အားကစားနည်း၊ ရွက်တိုက်အားကစား နည်းများအတွက်ထူးချွန်သည့် အားကစားသမားများ မွေးထုတ်ပေးရန်စသည့် ရည်ရွယ်ချက်များဖြင့် တပ်မတော် (ရေ)က ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များအတွက် ရေကြောင်းလူငယ် အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၃)နှင့် ရေကြောင်းလူငယ်တန်းမြင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၃)တို့ကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ ယနေ့နံနက်ပိုင်းတွင် တစ်ချိန်တည်းဖွင့်လှစ်ရာ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့နှင့်ကိုကိုးကျွန်းမြို့၊ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်မြို့၊ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ဟိန်းဇဲ၊ မြိတ်မြို့နှင့် ကျွန်းစုမြို့၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တွင် ကျိုင်းတုံမြို့တို့ရှိရေကြောင်း လူငယ်စခန်းများ၌ စုစုပေါင်းသင်တန်းသား သင်တန်းသူ ၇၁၂ ဦးတို့ဖြင့် အသီးသီးဖွင့်လှစ်ကြပြီး အဆိုပါသင်တန်းဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ စစ်ဦးစီးအရာရှိ ချုပ်(ရေ)၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး၊ ရေတပ်စခန်း ဌာနချုပ်မှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးကြသည်။
ဒေသန္တရလေ့လာရေး ခရီးစဉ်များ ပို့ဆောင်ပေး
သက်ဆိုင်ရာ မြို့နယ်အသီးသီး၌ ရေကြောင်းလူငယ် သင်တန်းများဖွင့်လှစ်ပြီး ရန်ကုန်မြို့ အင်းလျားရေကြောင်း လူငယ်စခန်းမှ သင်တန်းသား သင်တန်းသူများအား ရန်ကုန်မြို့မှ သန်လျင်မြို့သို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့်ပို့ဆောင်၍ ရေတပ်လေ့ကျင့်ရေးဌာနချုပ်အား သွားရောက် လေ့လာခြင်းနှင့် ရေတပ် Documentary ပြသခြင်းတို့ဖြင့်လည်းကောင်း၊ ကိုကိုးကျွန်းရေကြောင်း လူငယ်စခန်းမှ သင်တန်းသားသင်တန်းသူများသည် စစ်ရေယာဉ် (တပင်ရွှေထီး) ပေါ်သို့ သွားရောက်လေ့လာပြီး စစ်ရေယာဉ်ဖြင့် ကပ္ပလီပင်လယ်ပြင်အတွင်း စီးနင်းလိုက်ပါခြင်းဖြင့် လည်းကောင်း၊ အခြားမြို့နယ်အသီးသီးတွင် ဖွင့်လှစ်ခဲ့သော ရေကြောင်းလူငယ်စခန်းများမှ သင်တန်းသား သင်တန်းသူများအား တာဝန်ရှိသူများက ဒေသန္တရဗဟုသုတဆိုင်ရာ လေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေးခြင်းဖြင့် လည်းကောင်းစီစဉ်ဆောင်ရွက် ပေးကြသည်။
ပင်လယ်ဝသို့ ရေလမ်းကြောင်း လေ့လာရေးခရီးစဉ်
ရေကြောင်း လူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန် အခြေခံသဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာ ရေးဆိုင်ရာများ၊ အခြေခံရေ တပ်သား အချက်ပြဆက်သွယ်ရေး၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းစခန်း ၁၁ ခုမှ သင်တန်းသား သင်တန်းသူများအား သင်တန်းနောက်ဆုံးပတ်၌ ရန်ကုန်မြို့တွင်စုစည်း၍ စခန်းပေါင်းစုံတွေ့ဆုံပွဲ၊ ဘာသာရပ်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများ၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာ လေ့လာရေးနှင့် စစ်ရေယာဉ်(မုတ္တမ)ဖြင့် ပင်လယ်ဝသို့ ရေလမ်းကြောင်းလေ့လာရေး ခရီးစဉ်ပို့ဆောင်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ရရှိစေရန်
အလားတူလေကြောင်းပညာ သမိုင်းကို လေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံ ပညာရပ်များတွင် စိတ်ဝင်စားမှု တိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော ပညာရပ်များကို တတ်သိနားလည် ခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံး ညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ရရှိစေရန်၊ လူငယ်များ၏ ဝါသနာပါရာ လေ့ကျင့်မှုအနေဖြင့် မြှင့်တင်ပေးရန်၊ မျိုးဆက်သစ်လူငယ် မောင်မယ် များကို ယုံကြည်ချက်၊ ခံယူချက် မြင့်မားမှန်ကန်စေပြီး အနာဂတ်တပ်မတော်နှင့် နိုင်ငံတော်တည်ဆောက် နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် တပ်မတော် (လေ)က ကျောင်းသား ကျောင်းသူ လူငယ် မောင်မယ်များအတွက် ဖွင့်လှစ်သည့် အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်) အမှတ်စဉ် (၁/၂၀၂၃)နှင့် အခြေခံလေကြောင်း လူငယ် သင်တန်း (အငယ်တန်းအဆင့်) အမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့နှင့် မိတ္ထီလာမြို့၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နှင့် နမ့်စန်မြို့၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိးမြို့၊ ရန်ကုန် တိုင်းဒေသကြီး မှော်ဘီမြို့နှင့်မင်္ဂလာဒုံမြို့၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့်ပြည်မြို့၊ တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ မွန်ပြည်နယ်မော်လမြိုင်မြို့နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တို့ရှိ သင်တန်းစခန်း ၁၇ ခု၌ စုစုပေါင်း သင်တန်းသား သင်တန်းသူ အင်အား ၆၈၀ ဖြင့် အသီးသီးဖွင့်လှစ်ကြပြီး ဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ လေတပ်စခန်းဌာနချုပ်မှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။
RC လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ခြင်း
အခြေခံလေကြောင်း လူငယ်သင်တန်းတွင် သင်တန်းသား သင်တန်းသူများအား လေကြောင်းပညာသမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား၊ လေယာဉ်တည်ဆောက်မှု အခြေခံသဘော တရား၊ လေယာဉ်စက်အုံတည်ဆောက်မှုအခြေခံများ၊ လေယာဉ် ပုံစံငယ်တည်ဆောက်မှု အခြေခံများ၊ RC Simulartor မောင်းနှင်ခြင်း၊ RC လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ခြင်း၊ အခြေခံစစ်ပညာ (လက်နက်မဲ့) စသည့် ဘာသာရပ် များ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ သင်တန်းကာလ တတိယအပတ်တွင် မိတ္ထီလာမြို့၌ သင်တန်းသားများစုဖွဲ့၍ စခန်းသွင်းလေ့ကျင့်ခြင်း၊ တပ်မတော် (လေ) ၏ နေ့စဉ်လုပ်ငန်း ဆောင်တာများအား လက်တွေ့ကွင်းဆင်းလေ့လာခြင်း၊ သင်တန်း စခန်းအသီးသီးမှ ထူးချွန်သင်တန်းသားများကို Grob- 120၊ Y-12 လေယာဉ်နှင့် H-120 ရဟတ်ယာဉ်များတွင် လိုက်ပါပျံသန်းခြင်းများနှင့် ပြိုင်ပွဲများကျင်းပခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် လေ့လာရေးခရီး စဉ်များအဖြစ် မိတ္ထီလာမြို့၊ နေပြည်တော်ကောင်စီ နယ်မြေနှင့် ရန်ကုန်မြို့တို့ရှိ တပ်မတော် (လေ) သင်တန်းကျောင်းများ၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာနှင့် အထင်ကရနေရာများသို့ ပို့ဆောင်ပေး သွားမည်ဖြစ်သည်။
ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းကို မေ ၁၉ ရက်အထိလည်းကောင်း၊ အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်)သင်တန်းကို မေ ၂၃ ရက်အထိ လည်းကောင်းသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သင်တန်းများဖွင့်လှစ်ခဲ့
အဆိုပါ သင်တန်းများကို ၂၀၁၄ ခုနှစ်မှစတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ဧပြီ ၂၃ ရက်မှ မေ ၃၀ ရက်အထိ ရက်သတ္တပတ် ၆ ပတ်၊ ၂၀၁၅ ခုနှစ် တွင် ဧပြီ ၂၇ ရက်မှ မေ ၂၂ ရက် အထိ ရက်သတ္တပတ် ၄ ပတ်၊ ၂၀၁၆ ခုနှစ်တွင် ဧပြီ ၂၅ ရက်မှ မေ ၂၀ ရက်အထိ ရက်သတ္တပတ် ၄ ပတ်၊ ၂၀၁၇ ခုနှစ်တွင် ဧပြီ ၂၄ ရက်မှ မေ ၁၉ ရက်အထိ ရက်သတ္တပတ် ၄ ပတ်၊ ၂၀၁၈ ခုနှစ်တွင် ဧပြီ ၂၃ ရက်မှ မေ ၁၇ ရက်အထိ ရက်သတ္တပတ် ၄ ပတ်၊ ၂၀၁၉ ခုနှစ်တွင် ဧပြီ ၂၂ ရက် မှ မေ ၁၇ ရက်အထိ ရက်သတ္တပတ် ၄ ပတ် ဖွင့်လှစ်သင်ကြားပေးနိုင် ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်