နေပြည်တော် ဧပြီ ၂၄
အခြေခံပညာကျောင်းများမှ ပညာရည်ပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံသားကောင်း၊ လူသားအရင်းအမြစ်များ ပေါ်ထွက်လာစေရေး ပြုစုပျိုးထောင်ပေးရန်ရည်ရွယ်၍ နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ခေတ်မီပညာရပ်များကို အင်္ဂလိပ်စာနှင့် ကွန်ပျူတာ နည်းပညာကျွမ်းကျင်မှုများမှတစ်ဆင့် ရှာမှီးဆည်းပူးနိုင်လာမည်ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် အင်္ဂလိပ်စာနှင့်ကွန်ပျူတာကို ပိုင်နိုင်ကျွမ်းကျင်လာပြီး မိမိအနာဂတ်၊ မိမိတိုးတက်မှု အခွင့်အလမ်းကောင်းများကိုလည်း ရရှိနိုင်မည်ဖြစ်သကဲ့သို့ နောင်အနာဂတ် နိုင်ငံတော်အတွက်လည်း နိုင်ငံတကာလူငယ်များနှင့် ရင်ပေါင်တန်းနိုင်သည့် ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူ လေးများ ဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စံပယ်လွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က သင်တန်းတွင် လိုအပ်သည့်စာရေး ကိရိယာပစ္စည်းများနှင့် ယဉ်ကျေးလိမ္မာသင်တန်းများ ပို့ချနိုင်ရန်အတွက် အခြေခံပညာ ထက်/လယ်/မူ ကျောင်းပေါင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၂၉ ကျောင်းနှင့် မြို့နယ် ရှစ်မြို့နယ်တွင် အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းတက်ရောက်မည့် ကျောင်းသား ကျောင်းသူ ၇၀၀အတွက် ၃၈ ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုး စာအုပ်များကို ထောက်ပံ့ပေးအပ်ရာ နေပြည်တော် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဦးကြာညို၊ ကိုယ်ပိုင်ကျောင်းပေါင်း ၅၇ ကျောင်း အတွက် ၃၈ ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးစာအုပ်များ ထောက်ပံ့ပေးအပ်ရာ ကိုယ်ပိုင်ကျောင်း ၅၇ ကျောင်း ၏ ကိုယ်စား Wisdomhill ကိုယ်ပိုင်အထက်တန်း ကျောင်းတည်ထောင်သူ ဦးပညာတို့က လက်ခံရယူ ကြသည်။
ထို့နောက် ပညာ့ပန်းတိုင်ကိုယ်ပိုင်အထက်တန်း ကျောင်းကိုယ်စား Education gold ကုမ္ပဏီလီမိတက် မှ CEO ဒေါက်တာတင်မောင်ဝင်းက ကွန်ပျူတာသင်ထောက်ကူပစ္စည်းများနှင့် Wisdomhill ကိုယ်ပိုင် ကျောင်း တည်ထောင်သူ ဦးပညာက အင်္ဂလိပ်စာ သင်ထောက်ကူစာအုပ်များကို ပေးအပ်လှူဒါန်းရာ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စံပယ်လွင်က လက်ခံရယူသည်။
ယင်းနောက် နေပြည်တော်အတွင်း ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်း စာအုပ်ထုတ်ဝေ နိုင်ရန်အတွက် အလှူငွေကျပ် ငါးသိန်းကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးထံ အလှူရှင်များ ကိုယ်စား အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေး က ပေးအပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွန်ပျူတာသင်တန်း သင်ကြားနေမှုများနှင့် အင်္ဂလိပ်စာ သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အလားတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်၌ အခြေခံပညာကျောင်း ရှစ်ကျောင်းတွင် ကျောင်းသားကျောင်းသူ ၇၀၀ ကျော်ကို နွေရာသီအင်္ဂလိပ်စာသင်တန်းများကို တစ်ပြိုင်တည်း ဖွင့်လှစ်ပေးပြီး အထောက်အကူပြုစာရေးကိရိယာနှင့် ယဉ်ကျေးလိမ္မာ ၃၈ ဖြာ မင်္ဂလာစာအုပ်များကို ဖြန့်ဝေပေးသည်။ အဆိုပါသင်တန်းကို ဧပြီ ၂၄ ရက်မှ မေ ၁၃ ရက်အထိ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်