Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC)မှ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံ

နေပြည်တော် ဧပြီ ၂၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) မှ အာရှပစိဖိတ်ဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး (IFRC Regional Director for Asia-Pacific Region) Mr. Alexander James Matheou၊ IFRC ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. Nadia Christine KHOURY (Head of Delegation, IFRC) နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့တို့ကို ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)မှ မြန်မာ နိုင်ငံ ကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်နေသည့်ကိစ္စ၊ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခံစားရသည့် အိမ်ထောင်စုများ၊ ပြည်သူများအား ခွဲခြားမှုမရှိဘဲ အကူအညီများ ပေးအပ်နိုင်ရေးနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများ၌ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေခံမူများနှင့်အညီ နိုင်ငံ၏အကျိုးစီးပွားအား ထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်ရေးကိစ္စ၊ ဒေသတွင်းကျင်းပပြုလုပ်မည့် ကမ္ဘာ့ကြက်ခြေနီ အသင်းများ၏ အမှုဆောင်အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးတွင် အကူအညီပေးရေးကိစ္စနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူး ချုပ်(ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန)နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်