Skip to main content

အနာဂတ်လူ့ဘောင်ကို ဖန်တီးကြရမည့်မျိုးဆက်များ

လူငယ်ဟူသည် အနာဂတ်လူ့ဘောင်ကို ပိုင်စိုးကြသူများ၊ အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်ကြမည့် နိုင်ငံ၏အရင်းအမြစ်များဖြစ်ကြသည်။ လူငယ်များကို မှန်ကန်စွာလေ့ကျင့် ပျိုးထောင်ပေးခြင်းဖြင့်  ဖြစ်ထွန်းလာမည့်  တန်ဖိုးမြင့်လူ့စွမ်းအား အရင်းအမြစ်များဖြင့်သာ အနာဂတ်နိုင်ငံတော်ကို မြင့်မားအောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ စိတ်ဓာတ်မြင့်မားသူ၊ အတွေးအခေါ်မှန်ကန်သူ၊ ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံသူ လူငယ်များဖြင့်သာ နိုင်ငံကိုကောင်းအောင် တည်ဆောက်သွားနိုင် မည်ဖြစ်သည့်အလျောက်လူငယ်များကို ဗလငါးတန်နှင့် ပြည့်စုံအောင် လေ့ကျင့်ပျိုးထောင်သွားကြရမည်ဖြစ်သည်။

ယခုနှစ် နွေရာသီတွင် လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ အစီအစဉ်များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ရွာဒေသအသီးသီးတို့တွင် လှုပ်ရှားတက်ကြွလျက်ရှိသည်ကို သတင်းများတွင် တွေ့မြင် ရသည်။ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် လူရည်ချွန်စခန်းများသို့ သွားရောက်ကြမည့် လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်သူ ဆရာဆရာမများမှာ မကြာမီသက်ဆိုင်ရာစခန်း အသီးသီးတို့တွင် အပန်းဖြေကာ လေ့လာရေးခရီးများ သွားရောက်ကြတော့မည်ဖြစ်သည်။ လူရည်ချွန်တို့သည် ကျောင်းသင်ခန်းစာသာမက အထွေထွေဗဟုသုတ၊ ကာယကြံ့ခိုင်မှု၊ လူတွေ့စစ်ဆေးမှုတို့ဖြင့် ထူးချွန်သူများအဖြစ် မှတ်ကျောက်တင်ခံကြရသူများဖြစ်သည်။

ထို့အပြင် ၂၀၂၃ ခုနှစ် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား ကျောင်းသူလူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်ရေး၊ အားလပ် ရက်များတွင် အကျိုးရှိစေရေး၊ မိမိတို့ ဝါသနာပါရာ ပညာရပ်များ လေ့လာဆည်းပူးနိုင်စေရေးနှင့် နိုင်ငံတော်အတွက် ရေကြောင်း ပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရေးဟူသော ရည်ရွယ်ချက်များဖြင့် ရေကြောင်းနှင့် လေကြောင်း လူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို ဧပြီ ၂၄ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ရေကြောင်းလူငယ်သင်တန်းများတွင် ရန်ကုန် တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင်ရှိသည့် သင်တန်းစခန်း ၁၁ ခု၌ သင်တန်း သား၊ သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ ရေကြောင်းပညာရပ်များကို လေ့လာလေ့ကျင့်သင်ယူနေကြပြီ ဖြစ်သည်။ အလားတူအခြေခံလေကြောင်း လူငယ်သင်တန်းများကို မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) (မြောက်ပိုင်း) (အရှေ့ ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင်ရှိသည့် သင်တန်းစခန်း ၁၇ ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၈၀ ဦးတို့ တက်ရောက်လေ့ကျင့်သင်ယူမှုများ ပြုလုပ်နေကြပြီဖြစ်သည်။

ကျောင်းသူ ကျောင်းသားတို့ နွေအားလပ်ရက်တွင် အသိလိမ္မာနှင့် အတတ်ပညာများ တိုးပွားနိုင်ရေးအတွက် ယဉ်ကျေးလိမ္မာသင်တန်းများ၊ အင်္ဂလိပ်စာသင်တန်းများ၊ ကွန်ပျူတာသင်တန်းများ၊ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသကဲ့သို့ စာသင်နှစ်ပြန်လည်စတင်ချိန်တွင် အခြေခံပညာအလယ်တန်း အောင်မြင်ပြီးမြောက်သူ ကျောင်းသား ကျောင်းသူ လူငယ်များ အတွက် ရွေးချယ်စရာပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို မိမိတို့၏ အနာဂတ်ဘဝလမ်းကြောင်းနှင့် ကိုက်ညီစွာရွေးချယ်နိုင်ရန် စီမံဖန်တီးပေးထားမှုများကိုလည်း နိုင်ငံပိုင် မီဒီယာများနှင့်တကွ ခရိုင်နှင့်မြို့နယ်များတွင်လည်း ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

လူငယ်များကို တန်ဖိုးမြင့်မားသူများဖြစ်လာအောင် ပြုစုပျိုးထောင်ရာတွင် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာတာဝန်ရှိ သူများသာမက မိဘအုပ်ထိန်းသူများနှင့် ဆရာဆရာမများ အနေဖြင့်လည်း တာဝန်ရှိသူများအဖြစ် အလေးထားခံယူကြရ မည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူ လူငယ်များကိုယ်တိုင် မိမိတို့သည် နိုင်ငံတော်နှင့်တကွ အနာဂတ်မြန်မာ့လူ့ဘောင်ကို ဖန်တီးရန် တာဝန်ရှိသူများ၊ ဖန်တီးနိုင်စွမ်းရှိသူများအဖြစ် ယုံကြည်ရဲရင့်လာကြစေရေး အလေးအနက်ပြုစုပျိုးထောင်ပေးကြရပါမည့်အကြောင်း။ ။