နေပြည်တော် ဧပြီ ၂၄
လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ် လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင် သောအနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ယနေ့တွင် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ကြသည်။
ပင်လယ်ရေကြောင်းပညာများကို စိတ်ပါဝင်စားပြီး နိုင်ငံတော်အတွက် စိတ်ဓာတ်စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးတွင် ရေကြောင်းပို့ဆောင်ရေးကဏ္ဍ အရေးပါကြောင်း လူငယ်များသိရှိနားလည်စေရန်၊ လှေလှော်အားကစားနည်း၊ ရွက်တိုက်အားကစားနည်းများအတွက် ထူးချွန်သည့် အားကစားသမားများ မွေးထုတ်ပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် တပ်မတော်(ရေ)က ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအတွက် ရေကြောင်းလူငယ် အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၃)နှင့် ရေကြောင်းလူငယ်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)တို့ကို သက်ဆိုင်ရာ မြို့နယ်အသီးသီး၌ ယနေ့နံနက်ပိုင်းတွင် တစ်ချိန်တည်းဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့နှင့် ကိုကိုးကျွန်းမြို့၊ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်မြို့၊ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဟိန်းဇဲ၊ မြိတ်မြို့နှင့် ကျွန်းစုမြို့၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တွင် ကျိုင်းတုံမြို့တို့ရှိ ရေကြောင်းလူငယ်စခန်းများ၌ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ ၇၁၂ ဦးတို့ဖြင့် အသီးသီးဖွင့်လှစ်ကြပြီး အဆိုပါသင်တန်းဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ စစ်ဦးစီးအရာရှိချုပ်(ရေ)၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ ရေတပ်စခန်း ဌာနချုပ်မှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။
သက်ဆိုင်ရာ မြို့နယ်အသီးသီး၌ ရေကြောင်းလူငယ်သင်တန်းများ ဖွင့်လှစ်ပြီးနောက် ရန်ကုန်မြို့၊ အင်းယားရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူများအား ရန်ကုန်မြို့မှ သန်လျင်မြို့သို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့်ပို့ဆောင်၍ ရေတပ်လေ့ကျင့်ရေးဌာနချုပ်အား သွားရောက်လေ့လာခြင်းနှင့် ရေတပ် Documentary အား ပြသခြင်းတို့ဖြင့် လည်းကောင်း၊ ကိုကိုးကျွန်းရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူများသည် စစ်ရေယာဉ်(တပင်ရွှေထီး)ပေါ်သို့ သွားရောက်လေ့လာပြီး စစ်ရေယာဉ်ဖြင့် ကပ္ပလီပင်လယ်ပြင်အတွင်း စီးနင်းလိုက်ပါခြင်းဖြင့်လည်းကောင်း၊ အခြားမြို့နယ်အသီးသီးတွင် ဖွင့်လှစ်ခဲ့သော ရေကြောင်းလူငယ်စခန်းများမှ သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများမှ ဒေသန္တရဗဟုသုတ ဆိုင်ရာလေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေးခြင်းဖြင့်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။
ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်အခြေခံသဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊ အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းစခန်း ၁၁ ခုမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနောက်ဆုံးပတ်၌ ရန်ကုန်မြို့တွင်စုစည်း၍ စခန်းပေါင်းစုံတွေ့ဆုံပွဲ၊ ဘာသာရပ်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲများ၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာလေ့လာရေးနှင့် စစ်ရေယာဉ်(မုတ္တမ)ဖြင့် ပင်လယ်ဝသို့ ရေလမ်းကြောင်း လေ့လာရေးခရီးစဉ်ပို့ဆောင်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ လေကြောင်းပညာသမိုင်းကို လေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှုတိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သောပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှုကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင် ရွက်မှုအလေ့အကျင့်ရရှိစေရန်၊ လူငယ်များ၏ ဝါသနာပါရာ လေ့ကျင့်မှုအနေဖြင့် မြှင့်တင်ပေးရန်၊ မျိုးဆက်သစ်လူငယ်မောင်မယ်များကို ယုံကြည်ချက်၊ ခံယူချက်မြင့်မားမှန်ကန်စေပြီး အနာဂတ်တပ်မတော်နှင့် နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် တပ်မတော်(လေ)က ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များအတွက် ဖွင့်လှစ်သည့် အခြေခံလေကြောင်း လူငယ်သင်တန်း(အကြီးတန်းအဆင့်) အမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) အမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့နှင့် မိတ္ထီလာမြို့၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နှင့် နမ့်စန်မြို့၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိးမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နှင့် မင်္ဂလာဒုံမြို့၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပြည်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တို့ရှိ သင်တန်းစခန်း ၁၇ ခု၌ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ အင်အား ၆၈၀ ဦးဖြင့် အသီးသီးဖွင့်လှစ်ကြပြီး ဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ လေတပ်စခန်းဌာနချုပ်မှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။
အခြေခံလေကြောင်းလူငယ်သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအား လေကြောင်းပညာသမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား၊ လေယာဉ်တည်ဆောက်မှု အခြေခံသဘောတရား၊ လေယာဉ်စက်အုံတည်ဆောက်မှုအခြေခံများ၊ လေယာဉ်ပုံစံငယ် တည်ဆောက်မှုအခြေခံများ၊ RC Simulartor မောင်းနှင်ခြင်း၊ RC လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ခြင်း၊ အခြေခံစစ်ပညာ(လက်နက်မဲ့)စသည့် ဘာသာရပ်များပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ သင်တန်းကာလ တတိယအပတ်တွင် မိတ္ထီလာမြို့၌ သင်တန်းသားများစုဖွဲ့၍ စခန်းသွင်းလေ့ကျင့်ခြင်း၊ တပ်မတော်(လေ)၏ နေ့စဉ်လုပ်ငန်းဆောင်တာများအား လက်တွေ့ကွင်းဆင်း လေ့လာခြင်း၊ သင်တန်းစခန်းအသီးသီးမှ ထူးချွန်သင်တန်းသားများကို Grob– 120၊ Y- 12 လေယာဉ်နှင့် H-120 ရဟတ်ယာဉ်များတွင် လိုက်ပါပျံသန်းခြင်းများနှင့်ပြိုင်ပွဲများ ကျင်းပခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
၎င်းအပြင် လေ့လာရေးခရီးစဉ်များအဖြစ် မိတ္ထီလာမြို့၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်မြို့တို့ရှိ တပ်မတော်(လေ)သင်တန်းကျောင်းများ၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာနှင့် အထင်ကရနေရာများသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းကို မေ ၁၉ ရက်နေ့ ထိလည်းကောင်း၊ အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်)သင်တန်းကို မေ ၂၃ ရက်ထိလည်းကောင်း သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းများကို ၂၀၁၄ ခုနှစ်မှစတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ဧပြီ ၂၃ ရက်မှ မေ ၃၀ ရက်အထိ ရက်သတ္တပတ် ၆ ပတ်ဖြင့် လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ဧပြီ ၂၇ ရက်မှ မေ ၂၂ ရက်အထိ ရက်သတ္တပတ် ၄ ပတ်ဖြင့်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ဧပြီ ၂၅ ရက်မှ မေ ၂၀ ရက်ထိ ရက်သတ္တပတ် ၄ ပတ် ဖြင့်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ဧပြီ ၂၄ ရက်မှ မေ ၁၉ ရက်ထိ ရက်သတ္တပတ် ၄ ပတ်ဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ဧပြီ ၂၃ ရက်မှ မေ ၁၇ ရက်အထိ ၄ ပတ်ဖြင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် ဧပြီ ၂၂ ရက်မှ မေ ၁၇ ရက်အထိ ၄ ပတ်ဖြင့်လည်းကောင်း ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။