Skip to main content

ပြည်သူလူထုသို့ အသိပေးတိုက်တွန်းနှိုးဆော်ချက်

၁။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေများကို စဉ်ဆက်မပြတ် လေ့လာဆန်းစစ်၍ လိုအပ်သည့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

၂။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀-၄-၂၀၂၃) ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံ (၃၁) နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာပြီး ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 (Arcturus) ကူးစက်ဖြစ်ပွားမှုများလည်း ပါဝင်ကြောင်း တွေ့ရှိရပါသည်။

၃။ မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ်၊ ဧပြီလဆန်းမှစ၍ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရပါသည်။

၄။ ယခုအချိန်အထိ လေ့လာဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှု ပိုမိုမြင့်မားခြင်းမရှိကြောင်း၊ ကုသမှုတွင်လည်း လက်ရှိအသုံးပြုလျက်ရှိသော ဗိုင်းရပ်စ်ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှုရှိပြီး ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုကိုလျှော့ချနိုင်ကြောင်း တွေ့ရှိရပါသည်။

၅။ သို့ဖြစ်ပါ၍ ပြည်သူလူထုအားလုံး (အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူများနှင့် နာတာရှည် ရောဂါအခံရှိသူများ) အနေဖြင့် -

(က)    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို အထူးဂရုပြု ဆောင်ရွက်ကြပါရန်၊

(ခ)     ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် အဓိကကျသောရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်ကြသည့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ လူထူထပ်သောနေရာများ၊ အလုံပိတ်နေရာများသို့ သွားရောက်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင် အသုံးပြုခြင်းတို့ကို ဂရုပြုလိုက်နာ ဆောင်ရွက်ကြပါရန်၊

(ဂ) ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ဆက်သွယ်၍ လိုအပ်သည့်စစ်ဆေးကုသမှုကို ခံယူကြရန်၊

(ဃ) ရောဂါကူးစက်ဖြစ်ပွားသူများနှင့် ရောဂါသံသယလက္ခဏာရှိသူများအနေဖြင့် အခြားသူများကို ထပ်ဆင့်ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီလိုက်နာ၍ မိမိနေအိမ်တွင် အသွားအလာကန့်သတ်၍ နေထိုင်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

(၂၃-၄-၂၀၂၃)