နေပြည်တော် ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဧပြီ ၁၈ ရက်မှ ၂၂ ရက်အထိ ရွတ်ဖတ်ပူဇော်ရာ အောင်ပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ဧပြီ ၂၂ ရက် ညနေပိုင်းတွင် လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ပြုလုပ်ရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋက ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ စေတိယင်္ဂဏပဝရသီရိ မဟာဓမ္မဂုရု၊ သ.စ. အ ဓမ္မာစရိယ (ဝဋံသကာ)၊ ပါဠိပါရဂူ လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒွိပိဋကဓရ၊ ဘဒ္ဒန္တအဂ္ဂသာမိထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ လှရတနာ ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။