နေပြည်တော် ဧပြီ ၂၁
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၏အကြံပေး ပုဂ္ဂိုလ် မစ္စစ်ပေါ်ပီမိုကန်ချနာလတ်ကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ပြည်သူများအကြား ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးကဏ္ဍ၊ မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟို ဌာန (AHA Centre) မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား စီမံခန့်ခွဲရေးကိစ္စရပ်များအပြင် နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရေးကိစ္စရပ်များအား နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်