Skip to main content

တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၂၁

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့်ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူနေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ (ခုတင်-၃၀၀)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) နှင့် တပ်မတော်ဆေးရုံကြီး (ခုတင် -၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော သာသနာ့နွယ်ဝင်သီလရှင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြား ပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

သတင်းစဉ်