Skip to main content

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲအထိမ်းအမှတ် မီးရှူးတိုင်သယ်ယူခြင်း အခမ်းအနားကျင်းပ

ရန်ကုန် ဧပြီ ၂၁

ကမ္ဘောဒီးယားနိုင်ငံ၌ မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ဇွန် ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည့် (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ အထိမ်းအမှတ်မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ယူခြင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တက္ကသိုလ် ရိပ်သာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး၊ မီးရှူးတိုင်လက်ဆင့်ကမ်း သယ်ယူရေးအစီအစဉ် အတွက် အထူးဖိတ်ကြားထားသော တီမောလက်စတေနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ အားကစားသမားများ၊ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများ စုစုပေါင်းအင်အား ၁၈၀၀ ခန့် တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E.Mr. CHUM Angvichet နှင့် မြန်မာ နိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌတို့က အမှတ်တရစကား ပြောကြားကြသည်။

ထို့နောက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက (၃၂)ကြိမ် မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခြင်းနှင့် ပြိုင်ပွဲဝင်နိုင်ငံများအပေါ် အိမ်ရှင်နိုင်ငံ၏ ဧည့်ဝတ်ကျေပွန်မှုနှင့် စီစဉ်ဆောင်ရွက်ထားရှိမှုများအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးသည် အရှေ့တောင်အာရှနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊ ငြိမ်းချမ်းရေးနှင့် ညီညွတ်မှုမြှင့်တင်ရေးကို အပြည့်အဝကိုယ်စားပြုမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ ကိုယ်စားလှယ် H.E.Mr.HOR Sarun က မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ခြင်း အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံရှိ ကမ္ဘာ့အံ့ဖွယ် အန်းကောဝပ် ဘုရားကျောင်းမှစတင်၍ အာဆီယံ ၁၀ နိုင်ငံသို့ အစီအစဉ်တကျ ဆက်လက်ထွက်ခွာပြီး ဧပြီ ၂၇ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိ မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲအထိမ်းအမှတ် မီးရှူးတိုင်ကို ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ ကိုယ်စားလှယ်က မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးမှ စတင်သယ်ဆောင်လာပြီး ၎င်းမှတစ်ဆင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး၊ ၎င်းမှ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ ၎င်းမှမသန်စွမ်းအားကစားသမားနှင့် လှေလှော်အားကစားသမားတို့က လက်ဆင့်ကမ်းသယ်ဆောင်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ လည်းကောင်း၊ ၎င်းမှ ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ကိုယ်စားလှယ်သို့ လွှဲပြောင်း ပေးအပ်ပြီး ကမ္ဘောဒီးယားနိုင်ငံ သံရုံးအတွင်းသို့ သယ်ဆောင်၍ ထွန်းညှိသိမ်းဆည်းထားကာ မြန်မာနိုင်ငံမှ လာအိုနိုင်ငံသို့ ဧပြီ ၂၂ ရက်တွင် ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်