မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသောနိုင်ငံဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာကို အများစု ကိုးကွယ်ယုံကြည်ဆည်းကပ်ကြပြီး ကံ၊ ကံ၏ အကျိုး၊ ကောင်းမှု၊ မကောင်းမှုအကျိုးများကို ယုံကြည်လက်ခံလိုက်နာကျင့်သုံးခဲ့ကြသောနိုင်ငံဖြစ်သည်။ သူတစ်ပါး၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာ စေခြင်း၊ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာများကို ခိုးဝှက်ခြင်း၊ လုယူခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာကျင့်ခြင်း၊ လိမ်လည်လှည့်စားခြင်း၊ မူးယစ်ဆေးဝါးတို့ကို သယ်ဆောင်သုံးစွဲခြင်း စသည်တို့သည် တရားဥပဒေကိုချိုးဖောက်သည့် ဒုစရိုက်အမှုများ ဖြစ်သည်။
ဤဒုစရိုက်အမှုများသည် နိုင်ငံတော်အတွင်း ငြိမ်းချမ်းသာယာမှုကို ပျက်စီးစေပြီး နိုင်ငံတော်၏ အကျိုးစီးပွားကို ဆုတ်ယုတ်ပျက်ပြားစေသည်။ ထို့ကြောင့် နိုင်ငံတော်တစ်ဝန်းလုံး ငြိမ်းချမ်းသာယာ၍ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်ရေး၊ ပြည်ထောင်စုကြီး တည်တံ့သာယာ ခိုင်မြဲရေးတို့ကို နိုင်ငံတော်အစိုးရက အလေးထား၍ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ နိုင်ငံတော်နှင့် ပြည်သူအပေါင်းတို့၏ ကောင်းကျိုးစီးပွားများကို အလိုရှိကြသော ပြည်သူအပေါင်းတို့ကလည်း မင်းမဲ့စရိုက်များဖြစ်သည့် မကောင်းမှုဒုစရိုက်မှု များကို ရှောင်ရှားပြီး ဝိုင်းဝန်းတားဆီးကာကွယ်ကြရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အစိုးရအနေဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အပြည့်အဝရရှိစေ ရန် အလေးထားလုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးသည့် ကာလမှစ၍ လူမျိုးစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲတို့ကြောင့် အတွေးအခေါ် အယူအဆလွဲမှားပြီး လက်နက်ကိုင်သောင်းကျန်းမှုများ ပေါ်ပေါက်လာသဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်း မှုပျက်ပြားကာ ပြည်သူများ အတိဒုက္ခရောက်ခဲ့ဖူးသည်။ ခေတ်အဆက်ဆက်တွင်လည်း ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ နိုင်ငံရေးပယောဂစွဲများကြောင့် တိုင်းပြည်ဖျက်ဆီးမှု၊ ဆူပူအကြမ်းဖက်မှုများဖြစ်ခဲ့ဖူးသည်။ တစ်ပြည်တည်းနေ တစ်ရေတည်းသောက် တစ်အူထုံ့ဆင်း သွေးချင်းများဖြစ်သော်လည်း အယူဝါဒကွဲပြားမှုများဖြစ်ပေါ်ပြီး သွေးရင်းသားရင်း သံသယပွားလျက် စည်းလုံးညီညွတ်မှုပျက်ပြားရာမှ လက်နက် ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့သည်။
လက်ရှိကာလတွင် ဒီမိုကရေစီအရောင်ဆိုး၍လည်းကောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်၍လည်းကောင်း၊ အစွန်းရောက်နိုင်ငံရေးသမားများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်တစ်ဖုံ၊ အကြမ်းဖက်အဖွဲ့အစည်းများအပေါ် ကွယ်ရာတစ်မျိုး၊ နိုင်ငံတကာမျက်နှာစာတွင်တစ်မျိုး အားပေးအားမြှောက်ပြုလုပ်နေသည့် နိုင်ငံကြီးအချို့နှင့် အဖွဲ့အစည်းအချို့၏ လုပ်ရပ်များကြောင့် တစ်မျိုး၊ ပြည်ပအထောက်အပံ့ခံ အလိမ်အညာမီဒီယာများ၏ ဝါဒဖြန့်မှုကြောင့်လည်းကောင်း တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ် နေဆဲဖြစ်သည်။ အဆိုပါလုပ်ရပ်များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားအောင်ပြုလုပ်နေသော ဒုစရိုက်အမှုများဖြစ်၍ ထိရောက်စွာ ဝိုင်းဝန်းတားဆီး ကာကွယ်ကြရမည် ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသော CRPH နှင့် NUG အကြမ်းဖက် အဖွဲ့များ၏ သွေးထိုးလှုံ့ဆော် မြှောက်ပင့်ပေးမှုကြောင့် ဖြစ်ပေါ်လာသော PDF အမည်ခံအကြမ်းဖက် အဖွဲ့များသည် ပြည်တွင်း၌ အကြမ်းဖက်မှု၊ ဒုစရိုက်မှုအမျိုးမျိုး ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူအတွက်ဟု သုံးနှုန်းပြီး ရဟန်းသံဃာများ၊ ဆရာ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ လုယက်ဖျက်ဆီးခြင်းများကို ဥပဒေမဲ့ကျူးလွန်နေသည်။ မကြာသေးမီရက်များက ဘုရားဖူးပြည်သူများကို အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်ခြင်း၊ သင်္ကြန်ကာလ ပြည်သူများ ပျော်ရွှင်စွာရေကစားနေမှုကို မနာလိုမရှုဆိတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရိုးသားသည့် ကျေးရွာသူကျေးရွာသားများနှင့် ကျေးရွာများ၊ စာသင်ကျောင်းများကို အသုံးချခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများ ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ဧပြီ ၂၀ ရက်က ပုသိမ်ကြီးမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များကို PDF အမည်ခံ အကြမ်းဖက်သမားများက ရဟန်းသံဃာယောင် ဆောင်၍ ယုတ်မာပက်စက်သည့် အကြံအစည်များဖြင့် လာရောက် တိုက်ခိုက်ခဲ့သည်အထိ ပြုလုပ်လာသည်ကိုတွေ့ရသည်။
သို့ဖြစ်ရာ နိုင်ငံတော်အတွင်း ငြိမ်းချမ်းသာယာမှု၊ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ ချစ်ခင်ရင်းနှီးမှု၊ ဆုတ်ယုတ်ပျက်ပြား အောင်ပြုလုပ်သည့် မင်းမဲ့စရိုက်များဖြစ်သော အကြမ်းဖက်မှုများ၊ မကောင်းမှုဒုစရိုက်မှုများကို နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းတားဆီးကာကွယ်နှိမ်နင်းကြရမည်ဖြစ်ပါကြောင်း။ ။