Skip to main content

မန္တလေးမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သံဃာတော် ၁၀၈ ပါးဖြင့် ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း ကောင်းမှုကုသိုလ်ပြုအခမ်းအနားများ ကျင်းပ

မန္တလေး ဧပြီ ၁၇

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင်သံဃာတော် ၁၀၈ ပါးဖြင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသက် ၉၀ နှင့်အထက်သက်ကြီး ဘိုးဘွားများအားပူဇော်ကန်တော့ခြင်း စသည့်ကောင်းမှုကုသိုလ်ပြုလုပ်သည့် အခမ်းအနားများကို မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီရုံးရှိ မြို့တော်ခန်းမနှင့်ခန်းမရှေ့တို့တွင် ယနေ့နံနက်ပိုင်းကကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့် ဇနီး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ၎င်းတို့၏ ဇနီးများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

နာယူကြည်ညို

ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(အဖွဲ့ဝင်)စလင်း ဝိဘဇ္ဇဝါဒီဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိလာသာ ဘိဝံသအမှူးပြုသော လေးပြင်လေးရပ်မှ ပင့်သံဃာ ၁၀၈ ပါးဖြင့် ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်းနှင့် ဆွမ်းဆက်ကပ်ခြင်းအခမ်းအနားကို မြို့တော်ခန်းမ၌ကျင်းပရာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးပြီး စလင်းဝိဘဇ္ဇဝါဒီ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်သံဃာတော်တို့ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ဆက်ကပ်လှူဒါန်း

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီးတို့က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆရာတော်သံဃာတော်များအတွက် လှူဒါန်းသည့် နဝကမ္မဝတ္ထုငွေများကို စလင်းဝိဘဇ္ဇဝါဒီ ဆရာတော်ထံ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချ အနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းပြီးနောက် အရုဏ်ဆွမ်းများ ဆက်ကပ်ကြသည်။

လောင်းလှူ

ယင်းနောက် ဆွမ်းဆန်စိမ်း လောင်းလှူခြင်းကို မြို့တော်ခန်းမရှေ့၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(အဖွဲ့ဝင်) စလင်းဝိဘဇ္ဇဝါဒီ ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသာ ဘိဝံသအမှူးပြု သောလေးပြင်လေးရပ်မှ ပင့်သံဃာ ၁၀၈ ပါးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမောင်ကိုနှင့်ဇနီး၊ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိမြို့ဖအလှူရှင်များက ဆွမ်းဆန်စိမ်းများနှင့် နဝကမ္မဝတ္ထုငွေများလောင်းလှူကြပြီး ဇီဝိတဒါနကုသိုလ်အဖြစ် ကျုံးရေပြင်အတွင်း ငါးအကောင် ရေ ၃၀၀၀၀ ကို လွှတ်ပေးကြ သည်။

ဆက်လက်၍ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ကျင်းပသည့် မန္တလေး ခုနစ်မြို့နယ်အတွင်းရှိ အသက် ၉၀ နှင့်အထက် အဘိုးအဘွားများ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို မြို့တော်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့် ဇနီး တက်ရောက်ဂါရဝပြုကာ အဘိုးအဘွားများအတွက် ဂုဏ်ပြု ကန်တော့ငွေများ လှူဒါန်းခဲ့သည်။

အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက အဖွင့်ဂုဏ်ပြုစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသူများက အဘိုးအဘွားများအား ကန်တော့ချိုးဖြင့် ကန်တော့ကြသည်။

ထို့နောက် ကန်တော့ခံအဘိုးအဘွားများအား ဂါရဝပြုကန်တော့ငွေများနှင့် ကန်တော့ပစ္စည်းများ ပေးအပ်လှူဒါန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို နှင့်ဇနီးတို့က ဂါရဝဂုဏ်ပြု ကန်တော့ငွေကျပ် ၁၀ သိန်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဂါရဝပြုကန်တော့ငွေများနှင့် ကန်တော့ပစ္စည်းများကို ပေးအပ်လှူဒါန်းပြီး အဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့သခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူကြည်ညိုခြင်း ရေစက်ချအခမ်းအနားသို့တက်ရောက်ပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ စမ္ပါယ်ရုံမိုးကုတ်ရိပ်သာ ကျောင်း ဆရာတော်ဘဒ္ဒန္တကစ္စာယန(မဟာကမ္မဋ္ဌာနာစရိယ) ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ရွတ်ပွားချီးမြင့်

ဆက်လက်၍ စမ္ပါယ်ရုံမိုးကုတ် ရိပ်သာကျောင်းဆရာတော်အမှူးပြုသော သံဃာတော်များက ရွတ်ပွားချီးမြင့်သော အန္တရာယ်ကင်းပရိတ်တရားတော်မြတ်နှင့် အန္တရာယိကကမ္မဝါများကို နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် စမ္ပါယ်ရုံဆရာတော်ထံမှ ရေစက်ချနှင့် အနုမောဒနာတရားနာယူကြည်ညိုပြီး ရေစက်ချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်