Skip to main content

နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယသာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၏ နှစ်သစ်ကူးဩဝါဒကထာ

သတ္တလောကကြီးတစ်ခုလုံး သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။ နှစ်ဟောင်းကို ထားခဲ့ပြီး နှစ်သစ်ကို နှုတ်ဆက်ပါတယ်၊ “လ” က အေးမြတဲ့ ရောင်ခြည်ကို နေရာမရွေးလွှတ်တယ်။ သူပုန်၊ ဓားပြနေတဲ့ တောတောင်မှာ “လ”က အလင်းရောင်ပေးသလို သူတော်ကောင်းတွေ နေတဲ့တော၊ တောင်တွေမှာလည်း “လ”က အလင်းရောင်ပေးတယ်။ မေတ္တာတရားဆိုတာ “လ”နဲ့ ပမာတူတယ်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်အကူး တစ်ကမ္ဘာလုံး သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေလို့ နှုတ်ခွန်းဆက်ပါတယ်။

၁၃၈၄ ခုနှစ်ကုန်လို့ ၁၃၈၅ ခုနှစ် သို့ ကူးကြတဲ့ နှစ်ဟောင်းကို ဘာနဲ့ နှုတ်ဆက်မလဲ။ နှစ်သစ်ကို ဘယ်လို နှုတ်ဆက်မလဲ။ နှစ်သစ်ကို ဘယ်လို ဆက်လက်လျှောက်လှမ်း မလဲဆိုတဲ့အပေါ် အားလုံးသဘောပေါက်ဖို့လိုတယ်၊ လောကကြီးတစ်ခုလုံး အားလုံးအဟောင်းနဲ့ အသစ်၊ အသစ်နဲ့ အဟောင်း၊ ပြောင်းလဲနေတာပဲဆိုတာကို လူသားတွေ သဘောပေါက်ကြဖို့လိုတယ်။ အဲ့ဒါက “ဓမ္မ”ပဲ။ ဘာသာအလိုက် ယုံကြည်မှုတွေ၊ ကိုးကွယ်မှုတွေ မတူ ကြပေမယ့်၊ အဟောင်းအသစ် ပြောင်းလဲ ခြင်းတွေ အားလုံးအတူတူပဲ။ နှစ်တွေ ပြောင်းပြီး အသစ်တွေ ဟောင်းတာ နှစ်သစ်ရောက်သလို ခေတ်တွေ၊ စနစ် တွေဟောင်းပြီး ပြောင်းသွားပြန်တော့ ခေတ်သစ်၊ စနစ်သစ်ရောက်လာပြန်တာ။ ခေတ်တွေ၊ နှစ်တွေ ဟောင်းပြီး ပြောင်းသွားသလို၊ ပျောက်သွားသလို ပေါ်လာတဲ့ စနစ်သစ်တွေလည်း ဟောင်းပြီးတော့ ဒီလိုပျောက်နေကြမှာပဲ။

ခေတ်တွေ၊ စနစ်တွေကိုတည် ဆောက်နေကြတဲ့ လူသားတွေရော၊ ဆင်းရဲသား၊ မုဆိုး၊ တံငါ၊ သူဋ္ဌေး၊ သူကြွယ်၊ နိုင်ငံရေးသမား၊ ဘာသာရေး ခေါင်းဆောင်တွေအားလုံးက မိနစ်တိုင်း၊ စက္ကန့်တိုင်း၊ နာရီတိုင်း၊ မိနစ်မလပ်၊ စက္ကန့်မလပ်ခြေဖျားမှ ဆံပင်ဖျားတစ်လံမျှရှိတဲ့ ခန္ဓာထဲက ရုပ်တရား၊ နာမ်တရားတွေဟာ နာရီတွေပြောင်း သလို၊ နေ့ရက်တွေ ဟောင်းသလို၊ ခေတ်တွေ၊ စနစ်တွေပြောင်းသလို၊ မိမိခန္ဓာမှာ ရှိတဲ့ ရုပ်တရား၊ နာမ်တရားတွေကပဲ အကုန်ဟောင်းဟောင်းပြီးပြောင်း ပြောင်းပျက်နေကြတယ်ဆိုတာ အဲဒါ သင်္ခါရခေါ်တယ်၊ အဲဒီတော့ စိတ်ဟောင်းတွေ စိတ်သစ်သို့ ပြောင်းဖို့ရန်အတွက် အဲဒီသင်္ခါရကို မြင်အောင်ကြည့်နိုင်မှ ဖြစ်မယ်။

လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ မနာလိုခြင်း၊ ဝန်တိုခြင်းဆိုတဲ့ အဲဒီကိလေသာ စိတ်ယုတ်မာတွေဟာ အလွန်ဟောင်းနွမ်းနေတဲ့ စိတ်တွေဖြစ် တယ်။ ကမ္ဘာဦးကတည်းက ပေါ်လာတဲ့ စိတ်တွေ၊ မွေးကတည်းက ရလာတဲ့ စိတ်ဟောင်းတွေ၊ ဒါတွေကို အသစ်ဖြစ်အောင် မလုပ်နိုင်ရင် ဘယ်တော့မှ ကမ္ဘာကြီးက သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့ ကမ္ဘာကြီး ဖြစ်လာမှာမဟုတ်ဘူး။ အရေးအကြီးဆုံးက လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ စိတ်ညစ်၊ စိတ်ယုတ်မာ၊ စိတ်ဟောင်း တွေအကုန်လုံး သန့်ရှင်းသုတ်သင် ပြီးတော့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိဩတ္တပ္ပဆိုတဲ့ အဲဒီသူတော်ကောင်း စိတ်ဓာတ်တွေသို့ ပြောင်းနိုင်မှ အသစ် ကနေ အဟောင်းပြောင်းတာလို့ခေါ်တယ်၊ ရေလောင်းရုံနဲ့ အဲဒီစိတ်ယုတ်မာတွေက မကုန်ပါဘူး။

မြတ်စွာဘုရား ကိုယ်တော်မြတ်နဲ့ ခေတ်ပြိုင်ဘာသာရေးဂိုဏ်း တချို့က တစ်ဆောင်းတွင်းလုံး ဂင်္ဂါမြစ်၊ ယမုံနာမြစ်၊ နေရဉ္စရာမြစ်တို့မှာ ကိလေသာ အညစ်အကြေး ကုန်မလားလို့ ရေစိမ်နေ ကြတာတွေ ရှိတယ်၊ တချို့ အယူအဆကလည်း ရေမျောရုံနဲ့ ကိလေသာမမျောပါဘူး။ တို့က မီးလှုံမယ်ဆိုပြီး နွေခေါင် ခေါင်မီးမြိုက်ပြီးကိလေသာကို ရှို့မြိုက်နေတဲ့ လူတွေလည်းရှိတယ်၊ ဒီကနေ့ အထိ အိန္ဒိယပြည်မှာ မီးလှုံခြင်း၊ ရေမျော ခြင်း၊ ရေငုပ်ခြင်းဆိုတဲ့ အကျင့်တွေ ကျန်နေသေးတယ်။ အတွင်းစိတ်ဓာတ်ကို မီးရှို့လို့ မလောင်ဘူး။ ရေနဲ့ဆေးလို့ မပြောင်ဘူး။ အတာရေ သင်္ကြန်ဆိုတာက အထိမ်းအမှတ် သဘောတစ်ခုပဲ။ ပြောချင်တာက ကမ္ဘာဦးကတည်းက ရလာတဲ့ စိတ်ညစ်၊ စိတ်ဟောင်း၊ လောဘ၊ ဒေါသ၊ မောဟ၊ မာနတွေကို ဒီကနေ့အထိ အကုန်လုံးညစ်နေကြတဲ့ စိတ်ညစ်တွေကို ဆေးကြောဖို့ဆိုရင် မြတ်စွာဘုရားဟောကြားတဲ့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ ဓမ္မသီတာရေနဲ့ ဆွတ်ဖျန်းမှ အေးချမ်းမှာပါ။ ဓမ္မသီတာ ရေချမ်းနဲ့ ဆေးကြောမှ ဒီစိတ်ဟောင်းတွေ သစ်လွင်တောက်ပလာမှာဆိုတဲ့ အကြောင်း သတင်းကောင်းပါးအပ် ပါတယ် သူတော်ကောင်းတို့…။

မိမိတို့ရဲ့ စိတ်ဟောင်းတွေကို ဓမ္မသီတာရေချမ်းနဲ့ ဆေးကြောပြီးတော့ စိတ်ဓာတ်အသစ်ကို ပြောင်းနိုင်ကြ ပါစေ။