Skip to main content

အားသစ်မွေး၍ ကိုယ်စီတာဝန်ကျေပွန်

နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေး အားပေးဆောင်ရွက်လျက်ရှိသည်။ အစိုးရစတင်တာဝန်ယူစဉ်ကာလ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံ၏စီးပွားရေးမှာ ယခင်အစိုးရလက်ထက် စီမံခန့်ခွဲမှုအားနည်းခဲ့ခြင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခြင်းဟူသော အကြောင်းတရားများကြောင့် ကျဆင်းနေခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့သည့် ၂၀၁၁ ခုနှစ် ပထမ အစိုးရသက်တမ်း ငါးနှစ်ကာလအတွင်း နိုင်ငံ၏ GDP တိုးတက်မှုနှုန်းမှာ ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။ သို့ရာတွင် ဒုတိယအစိုးရသက်တမ်းကာလတွင်မူ ၃ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ ယင်းသို့ ကျဆင်းခဲ့ရခြင်း၏ အကြောင်းရင်းမှာ ပြည်ပအကူအညီ အထောက်အပံ့များအပေါ် မှီခိုမှုများပြားခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုအပေါ် အားပေးမှုမရှိခြင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းခြင်းတို့ကြောင့် ဖြစ်ဖွယ်ရှိသည်။ ၂၀၁၈ ခုနှစ်တွင် စတင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံစီးပွားရေးကျဆင်းမှုသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုတို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့တာဝန်များကို စတင်ထမ်းဆောင်ချိန်တွင် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းနေခဲ့သည်။

သို့ရာတွင် ကိုဗစ်-၁၉ ရောဂါကို အခက်အခဲများကြားမှ အောင်အောင်မြင်မြင်ထိန်းချုပ်နိုင်ခဲ့ခြင်းနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးခြင်းတို့ ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၁- ၂၀၂၂ ပထမခြောက်လအတွင်း အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြောင်းလဲပေးနိုင်ခဲ့သည်။ ဒုတိယ ခြောက်လတာကာလတွင် ၃ ဒသမ ၄ ရာခိုင်နှုန်းသို့ ဆက်လက်တိုးတက်လာခဲ့ရာ အနုတ်လက္ခဏာပြပြီး အောက်သို့ကျဆင်းနေသည့် စီးပွားရေးကို အပေါင်းလက္ခဏာပြပြီး ပြန်လည်ဦးမော့လာစေခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တိုးတက်လာရခြင်းသည် ပြည်တွင်းစီးပွားရေးကို အားပေးခြင်းနှင့် ပြည်တွင်းရှိ ရေ၊ မြေ၊ လူ့စွမ်းအားအရင်းအမြစ်များ၊ လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍများ စသည်တို့ကို စုစည်း၍ အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ အဆိုပါအတွေ့အကြုံအရ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသော ဆိုရိုးနှင့်အညီ ပြည်တွင်းအားများကို ကောင်းစွာစုစည်းနိုင်ရန်နှင့် အရင်းအမြစ်များတွင် အဓိကအကျဆုံးဖြစ်သော လူသားအရင်းအမြစ်၏ ထုတ်လုပ်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းတို့ကို မြှင့်တင်ပေးနိုင်ရန် ကြိုးပမ်းသွားကြရမည်ဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်တွင် မိမိတို့သည် အောင်မြင်မှုပန်းတိုင်ဆီသို့ လျှောက်လှမ်းကြရာတွင် အခက်အခဲနှင့် စိန်ခေါ်မှုတို့ကိုလည်း မျှော်လင့်ထားကြရမည်ဖြစ်သည်။ နှစ်ဟောင်းတွင် သင်ခန်းစာယူဖွယ်ရှိသည်တို့ကို ပြုပြင်လျက်ကြုံလာရမည့်အခက်အခဲ၊ အတားအဆီးနှင့် စိန်ခေါ်မှုတို့ကို ရင်ဆိုင်ကျော်လွှားနိုင်ရန်လည်း ကြိုတင်ပြင်ဆင်အားသစ်မွေးကြရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် မိမိတို့ကျရာကဏ္ဍများမှနေ၍ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် နှစ်သစ်သည် ကျက်သရေမင်္ဂလာအ‌ပေါင်းနှင့် ပြည့်စုံနေမည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်