Skip to main content

ကိုယ်လက်လှုပ်ရှား အားကစားဖြင့် အမျိုးသားကျန်းမာကြံ့ခိုင်ရေးမြှင့်တင်

ကျန်းမာရေးနှင့်ပတ်သက်လာလျှင် ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပို၍ကောင်းမွန်သည်ကို လူတိုင်းသိကြသည်။ မိမိတို့၏ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေး အတွက် နေ့စဉ်လူနေမှုပုံစံများတွင် ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဂရုပြုဆောင်ရွက်ခြင်း၊ ဆေးလိပ်ဆေးရွက်ကြီး၊ အရက်မူးယစ်ဆေးဝါးတို့ကို ရှောင်ကြဉ်ခြင်း၊ ဥတုသပ္ပါယ မျှတအောင် ဝတ်စားဆင်ယင်ခြင်း၊ အသက်အရွယ် အလိုက် သင့်တင့်မျှတသည့် ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ဆောင်ရွက်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာ နိုင်ကြမည်ဖြစ်သည်။

နေ့စဉ်မိနစ်အနည်းငယ်မျှ ပုံမှန်ပြုလုပ်သည့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများက နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ၊ သွေးတိုး၊ ဆီးချိုသွေးချို၊ အဝလွန်၊ သွေးကြောပိတ်၊ ခါးနာ၊ အဆစ်အမျက်ရောင်၊ ကင်ဆာ၊ စိတ်ကျ စိတ်ပူပန်၊ မှတ်ဉာဏ်ချို့ယွင်း၊ အယ်ဇိုင်းမား စသည့်ရောဂါများ ဖြစ်မလာ အောင်၊ ဖြစ်ပွားနိုင်သည့် အလားအလာ လျော့နည်းအောင် စွမ်းဆောင်နိုင်သည်။ အထက်ဖော်ပြပါ ရောဂါဝေဒနာများ ခန္ဓာကိုယ်တွင် စွဲကပ်လာပြီဆိုပါမှ ကုသရမည်ဆိုပါက ဝေဒနာ ခံစားရသည့် ဒုက္ခ၊ သောကနှင့် ဆေးကုသမှုကုန်ကျစရိတ် အတိုင်းအတာတို့က ကြီးမားလှသည်။ သို့ရာတွင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို နေ့စဉ်မှန်မှန်ပြုလုပ် သွားမည်ဆိုပါက အဆိုပါ ဒုက္ခ၊ သောကနှင့် စရိတ်စကတို့ ကုန်ကျမှုကို ရှောင်ရှားသွား နိုင်မည်ဖြစ်သည်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ငယ်စဉ်ကလေးဘဝကပင် စတင်လေ့ကျင့်ပျိုးထောင် သွားရမည် ဖြစ်သော်လည်း သက်ကြီးပိုင်းသို့ရောက်မှ စတင်ပြုလုပ်ရမည် ဆိုလျှင်ပင် နောက်မကျသေး။ အသက်အရွယ်နှင့် ကိုက်ညီသည့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်ခြင်းဖြင့် ကောင်းကျိုး ရလဒ်များခံစားရမည်သာဖြစ်သည်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများဟု ဆိုရာတွင် လမ်းလျှောက်၊ ဂျော့ဂင်ပြေး၊ စက်ဘီးစီး၊ ရေကူး၊ ဘောလုံး၊ ဘော်လီဘော၊ ခြင်းလုံး၊ ကြက်တောင်၊ တင်းနစ်၊ အေရိုးဗစ်၊ ဇမ်ဘာ ကဲ့သို့သော သက်လုံ ကောင်းရေးဆိုင်ရာ လေ့ကျင့်ခန်းများ၊ အလေးမ၊ ဒိုက်ထိုး၊ ဘားတန်းခို၊ ထိုင်ထကဲ့သို့သော ကြွက်သားသန်မာရေး လေ့ကျင့်ခန်းများ၊ ထိုက်ကျိ၊ ယောဂနှင့် ဘောလုံးပျော့၊ ဘုတ်ပြားများဖြင့် လေ့ကျင့်ရသော ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်းမှုနှင့် အရိုးအဆစ်များ ပျော့ပြောင်းမှုဆိုင်ရာ လေ့ကျင့်ခန်းများ ပါဝင်သည်။ အဆိုပါ လေ့ကျင့်ခန်း များကို အပတ်စဉ် အစီအစဉ်များရေးဆွဲပြီး ပုံမှန်ပြုလုပ်သွားခြင်းအားဖြင့် ““ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး" Exercise is Medicine ဟူသော စကားနှင့်အညီ ဆေးဖိုးဝါးခ ကုန်ကျစရိတ် မလိုဘဲ ကျန်းမာသုခ ခံစားကြရမည် ဖြစ်သည်။

ယခုအခါ လူထုအားကစားလှုပ်ရှားမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့် တင်ကာ ပုံမှန်ပြုလုပ်နိုင်ရေး၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် ရုံးဌာနများတွင် အားကစားပြုလုပ်သည့် အလေ့အထပျိုးထောင်ရေးတို့ကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် ရေးအတွက် ရည်ရွယ်၍ ရေရှည်တည်တံ့အောင် ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိသည်။ ယခင်က လူထုအားကစားလှုပ်ရှားမှုကို ဒီဇင်ဘာ တစ်လတည်း သတ်မှတ်ကာ ထိုတစ်လတည်း တွင်လည်း တစ်ပတ်လျှင်တစ်ကြိမ်မျှ လမ်းလျှောက်ခဲ့ကြရာ ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုမှာလည်း နည်းပါးပြီး ကိုယ်လက်လှုပ်ရှား အားကစားအလေ့အကျင့်ကိုလည်း ပျိုးထောင်မှု မပြုနိုင်ခဲ့။ ယခု လူထုအားကစားလှုပ်ရှားမှုကို ပွဲပြီးမီးသေမဟုတ်ဘဲ ရေရှည် တည်တံ့အောင်ပြုလုပ်ပြီး အမျိုးသားကျန်းမာကြံ့ခိုင်ရေးကို တည်ဆောက်တော့မည်။ ကိုယ်လက်လှုပ်ရှား အားကစားအလေ့အထနှင့် ယဉ်ကျေးမှုကို ထူထောင်ပြီး လူထုအားကစား လှုပ်ရှားမှုဥယျာဉ်များ၊ ရင်ပြင်များ၊ အားကစားရုံ၊ အားကစားကလပ်များ မြို့တိုင်းရွာတိုင်းတွင် ပေါ်ပေါက်ဖြစ်ထွန်းကာ နိုင်ငံသူနိုင်ငံသား တိုင်း ကျန်းမာကြံ့ခိုင် နိုင်ကြပါစေကြောင်း။