နေပြည်တော် ဩဂုတ် ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ဩဂုတ် ၈ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေး ၀န်ကြီး ဦးတင်အောင်၀င်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဓနုဖြူမြို့နယ် အလမျိုးကျေးရွာ အုပ်စုအတွင်း Cash For Work စီမံကိန်းနှင့် ကျေးလက်ဖွံ့ဖြိုး ရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အလမျိုးကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှု့စစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် စီမံကိန်းတာဝန်ရှိသူများက အလမျိုးကျေးရွာ လူထုဗဟိုပြုစီမံကိန်း၏ ပထမနှစ်နှင့် ဒုတိယနှစ် စက်ဝန်းကာလ ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိ တတိယနှစ် စက်ဝန်းကာလ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ကျုံတနီး၊ ချောင်းစောက်နှင့် ကုန်းတန်းမြောက် ကျေးရွာများတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)နှင့် ဆောင်ရွက် မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် လူထုဗဟိုပြုစီမံကိန်း ကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံ လိုအပ်ချက်ဖြစ်သည့် ကျေးလက်အခြေခံ အဆောက်အဦများ၊ ကျေးရွာမီးလင်း ရေးနှင့် ကျေးလက်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ပေးနေပါကြောင်း၊ သို့ဖြစ်ရာ ကျေးလက်နေပြည်သူများကလည်း ဆောင်ရွက်ပြီးစီးမှုများအား ရေရှည်တည်တံ့ရေး၊ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရေးတို့ကို ကျေးရွာလူထုအားလုံး စည်းလုံး ညီညွတ်စွာ ဆောင်ရွက်ပေးစေလိုကြောင်း၊ လိုအပ်သည့် နည်းပညာ အကူအညီများအား ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်မှာကြားသည်။
အလမျိုးကျေးရွာအတွင်း ကျေးလက်ကွန်ကရစ်လမ်းခင်းခြင်း ကို စီမံကိန်း ထောက်ပံ့ငွေ (၂၂၆ ဒသမ ၁၂၇၆၃ သိန်း)၊ ကျေးရွာလူထုထည့်ဝင်ငွေ (၃ သိန်း)ဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၆ ရက်တွင် လုပ်ငန်း စတင်ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၆ ရက်တွင် ပြီးစီးခဲ့ခြင်းဖြစ်ကာ (၆)တန်အောက်ယာဉ်များ သွားလာနိုင်မည် ဖြစ်သည်။
ဆက်လက်၍ ဒုတိယ၀န်ကြီး နှင့်အဖွဲ့သည် ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ပေါက်နွယ်စမ်း ကျေးရွာအုပ်စု စမ်းရွာကျေးရွာ၊ မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာအုပ်စု မျှင်ဝါးတောင် ကျေးရွာတို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash For Work စီမံကိန်းဖြင့် ကျေးလက်ကွန်ကရစ်လမ်း ဆောင်ရွက်ထားရှိမှုများ၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP)၊ လူထုဗဟိုပြု စီမံကိန်း(CDD)တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း Cash For Work စီမံကိန်းကျေးရွာ (၂၅၀)ရွာ၊ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP)(၁၀၀)ရွာ၊ လူထုဗဟိုပြုစီမံကိန်း(CDD) (၆)မြို့နယ်တို့ဖြင့် ကျေးလက်နေ ပြည်သူများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)