နေပြည်တော် မတ် ၃၀
(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ် အိုးပြင်မဲ-အိုင်းမ ကျေးရွာချင်းဆက်သွယ် သောလမ်းပေါ်ရှိ မန်းချောင်းရေနိမ့်တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီး များနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တို့က မန်းချောင်းရေနိမ့် တံတားသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသော ဧည့်သည်တော်များက ကမ္ပည်းမော်ကွန်းကျောက်စာကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးကနိုင်ငံတော် အစိုးရအနေဖြင့် မြို့ပြနှင့်ကျေးလက် အချိုးညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်နေဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်ထွက်ကုန်များနှင့် အခြားကုန်စည်များကို စျေးကွက်သို့ တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ရန်အတွက် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့်လမ်းများ လိုအပ်ကြောင်း၊ ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများကို ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိသကဲ့သို့ စဉ်ဆက်မပြတ် ကျေးလက်လမ်းကွန်ရက်များ ဖွံ့ဖြိုးစေရေးအတွက် သက်ဆိုင်သူအားလုံးနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
မန်းချောင်းရေနိမ့်တံတား တည်ဆောက်ပေးနိုင်မှုကြောင့် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပတ်ဝန်း ကျင်ကျေးရွာ ၁၄ ရွာမှ အိမ်ခြေ ၂၅၇၅ လူဦးရေ ၁၁၁၀၃ ဦးတို့ကို တိုက်ရိုက်အကျိုးခံစားမှုရှိသည့် အပြင် ကျေးရွာများ၏ စိုက်ဧက ၂၀၆၅၉ ဧကခန့်ကိုပါ အကျိုးပြုနိုင်မည်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြု စေမည်ဖြစ်ကြောင်းနှင့် တံတားရေရှည်တည်တံ့ခိုင်မြဲစေရန် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့် မန်းချောင်းတံတားသည် စကုမြို့ မှ ပုသိမ်-မုံရွာလမ်းကို ဆက်သွယ်သည့် လမ်းပေါ်၌တည်ရှိပြီး တံတားအနီးဝန်းကျင်နှင့် စကု-ပုသိမ်- မုံရွာလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ထွက်ရှိသည့် ပဲ၊ နှမ်း၊ နေကြာ၊ စပါးနှင့်ငရုတ် စသည့် သီးနှံများကို မြို့ပေါ်ဈေးကွက်များသို့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး တံတားဖွင့်ပွဲအထိမ်းအမှတ်များကို ပေးအပ်သည်။
မန်းချောင်းရေနိမ့်တံတားသည် တံတားအရှည် ပေ ၆၀၀ နှင့် တံတားယာဉ်သွားလမ်း အကျယ် ၁၄ ပေရှိပြီး တံတားချဉ်းကပ်လမ်း နှစ်ဖာလုံ၊ သံကူကွန်ကရစ် ဘိုးပိုင်တံတားတိုင်များ၊ သံကူကွန်ကရစ်ကြမ်းခင်းတို့ဖြင့် တည်ဆောက်ထားသည့် Sub-mersible Bridge တံတားအမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်းအလေးချိန်တန် ၂၀ အထိ ဖြတ်သန်းအသုံးပြုသွားလာနိုင်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပွင့်ဖြူမြို့နယ်ဖူးပွင့်စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ ယာယီရှင်းလင်းဆောင်၌ သမဝါယမအသင်းသားများ၊ တောင်သူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တောင်သူများအနေဖြင့် သမဝါယမအသင်း ထူထောင်ပြီး အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်သွားရန်နှင့်အသေးစား၊ အငယ်စားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး၊ လိုအပ်သော နည်းပညာသင်တန်းများ ကျေးရွာအရောက် ဆောင်ရွက်ပေးပြီး အရင်းအနှီးမတည်ငွေထူထောင်ပေးမည့် အစီအစဉ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအား လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေကိုလည်းကောင်းဆွေးနွေး ပြောကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် အသင်းသားတောင်သူများထံ သွင်းအားစုများ ထောက်ပံ့ပေးအပ်ပြီး စပါးမျိုးစေ့ ထုတ်လုပ်နေမှုနှင့် စပါးအခြောက်ခံစက် လည်ပတ်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပွင့်ဖြူမြို့နယ်စံပြကျေးရွာ ယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့်ကျေးရွာတွင်း ကွန်ကရစ်လမ်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်