နေပြည်တော် မတ် ၃၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rusatom International Network မှ President , Mr. Vadim Titov ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ခိုင်မြဲရေးကိစ္စ၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နျူကလီးယား နည်းပညာအား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးမြှင့်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နျူကလီးယားနည်းပညာကို ပြည်သူလူထုထံမှ အပြုသဘောဆောင်သော သဘောထားအမြင်များရရှိနိုင်ရေးအတွက် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာတွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations နှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ROSATOM မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်းသိရသည်။
သတင်းစဉ်