Skip to main content

စကားပြန်သင်တန်းအမှတ်စဉ် (၄/၂၀၂၀) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၁ဝ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အာရှ ဖောင်ဒေးရှင်း (The Asia Foundation)တို့ ပူးပေါင်းဖွင့်လှစ်သည့် စကားပြန်သင်တန်း အမှတ်စဉ် (၄/၂၀၂၀)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ အာရှ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား/သူများ ပါဝင်တက်ရောက် ခဲ့ကြသည်။

အဆိုပါ သင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ စကားပြန်အဖြစ် ဆောင်ရွက်လျက်ရှိသူများအပါအဝင် ဌာနစုမှူး-၂ မှ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်အထိ အရာထမ်း စုစုပေါင်း(၁၀)ဦး တက်ရောက် မည်ဖြစ်သည်။ သင်တန်းတွင် စကားပြန် ဘာသာရပ်နှင့် စပ်လျဉ်း၍ သိသင့် သိထိုက် သည့် စကားပြန်ခြင်း နည်းစနစ်များ၊ Note Taking နည်းစနစ်များ၊ Public Speaking ဆိုင်ရာ သိမှတ်ဖွယ်ရာများကို တစ်နေ့လျှင် (၃)နာရီနှုန်းဖြင့် စာတွေ့ လက်တွေ့သင်ကြားပို့ ချသွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)