Skip to main content

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများ၌ ထုတ်ပြန်ကြေညာ

နေပြည်တော်  ဩဂုတ် ၁၀

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာစာစစ် ဌာန ကျောင်းများ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်၊ စည်းမျဉ်း စည်းကမ်း များနှင့်အညီ လာရောက် ကြည့်ရှုနိုင်ရန် ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာ သည်။

ထိုသို့ ထုတ်ပြန်ရာတွင် နေပြည်တော်ကောင်စီနယ်မြေရှိ စာစစ်ဌာနဖွင့်လှစ်သော ကျောင်းများ၌ တာဝန်ကျ ဆရာဆရာမများ၏ ကြီးကြပ်မှုဖြင့် လာရောက်ကြည့်ရှုသူ တစ်ဦးနှင့်တစ်ဦး (၆)ပေ အကွာ ကြည့်ရှုနိုင်ရန် စီစဉ်ထားပြီး ယနေ့နံနက် ၉ နာရီမှစတင်၍ အောင်စာရင်းများကို ထုတ်ပြန်ကြေ ညာထားသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲထုတ်ပြန်ချက်များကို ကြည့်ရှုရာတွင် လူစုလူဝေး မဖြစ်စေရေးအတွက် ဖြေဆိုသူများ၏ ခုံအမှတ်များအလိုက် အသုတ်လေးသုတ်ခွဲပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း အချိန်လေးချိန်ခွဲ၍ လာရောက်ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားသည်။

ဇဗ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စီစီဝင်းက “ ဒီနေ့က စာစစ်ဌာနအလိုက် သက်ဆိုင်ရာကျောင်းတွေမှာ အောင်စာရင်းတွေ ကပ်ပါတယ်။ အောင်စာရင်း လာကြည့်ကြတဲ့ ကျောင်းသားကျောင်းသူတွေကို သတ်မှတ်ထားတဲ့ အချိန်နဲ့ ခုံအမှတ်အလိုက် စနစ်တကျ ကြည့်ရှုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ကြည့်ရှုရာမှာလည်း Social Distancing နဲ့ ကိုက်ညီအောင် တာဝန်ကျဆရာဆရာမတွေက ကြီးကြပ်ပေးပါတယ်။ ကျောင်းအဝင်မှာ အပူချိန်တိုင်းပေးပြီး လက်ဆေးဘေစင်များလည်း ထားပေးပါတယ်။ ကျွန်မတို့ ကျောင်းရဲ့ ဒီနှစ်အောင်ချက် ရာခိုင်နှုန်းက ၃၁ ဒသမ ၅၈ ရှိပြီး ယခင်နှစ်ထက် အောင်ချက်ရာခိုင်နှုန်းတက်လာပါတယ်” ဟု ပြောသည်။

တက္ကသိုလ်ဝင်ခွင့် အောင်စာရင်း လာရောက်ကြည့်ရှုသူများအနေဖြင့်လည်း အောင်စာရင်း ကြည့်ရှုရန် လာရောက်စဉ်၊ အပူချိန်တိုင်းတာစဉ်နှင့် စနစ်တကျလက်ဆေးစဉ်တို့တွင် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆)ပေ ကွာခြားရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းများ၊ မျက်နှာကာ (Face Shield)များကို စနစ်တကျ လုံခြုံစွာတပ်ဆင်ရန်နင့် အသက်ကြီးရင့်သူ၊ နာတာရှည် ရောဂါရှိသူများ၊ နေမကောင်းသူများနှင့် လွန်ခဲ့သည့် (၁၄)ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာနှင့် နီးကပ်စွာထိတွေ့မှုရှိသူများကို အောင်စာရင်းကြည့်ရှုရန် လာရောက် ခွင့်မပြု ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

“ကျောင်းသူကျောင်းသားတွေရဲ့ ခုံအမှတ်တွေနဲ့ အောင်စာရင်းကြည့်ရမယ့် အချိန်တွေကို ကပ်ထားပါတယ်။ အောင်စာရင်းလာကြည့်သူတွေ အဆင်ပြေစေဖို့ လမ်းညွှန်စနစ်နဲ့ မြေပုံတွေလည်း ထုတ်ထား ပါတယ်။ ဘယ်ခုံနံပါတ်နဲ့ ဖြေဆိုသူက ဘယ်နေရာမှာ အောင်စာရင်း ကြည့်ရမယ်ဆိုတာကို ကပ်ထားပါတယ်။ အောင်စာရင်း လာကြည့်သူတွေ အဆင်ပြေစေရေး လမ်းညွှန်ပေးဖို့နဲ့ ကြီးကြပ်ပေးဖို့ ဆရာဆရာမတွေကို တာဝန်ချထားပေးပါတယ်”ဟု ဇဗ္ဗူသီရိ မြို့နယ် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်ရီက ပြောသည်။

ယခုနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို ကိုဗစ်-၁၉ ရောဂါကြောင့် ယခင်နှစ်များ ထက် နောက်ကျထုတ်ပြန်ကြေညာခဲ့ပြီး လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဩဂုတ် ၉ ရက် နံနက် (၀၀: ၃၀) နာရီတွင် အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက် ဆက်သွယ်ရေး ခက်ခဲသော စာစစ်ဌာန များ၏ အောင်စာရင်းများကို ရေဒီယိုနှင့် ရုပ်သံလိုင်းများမှတစ်ဆင့် ထုတ်ပြန်ကြေညာ ပေးခဲ့သည်။

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းကို ဩဂုတ် ၉ ရက် နံနက် (၀၀: ၃၀) နာရီတွင် အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်ကြေညာပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများသို့ အောင်စာရင်းလာရောက်ကြည့်ရှုသူ နည်းပါးကြောင်း သိရသည်။

(သတင်းစဉ်)