ပဲပုပ်သည် ကျန်းမာရေးနှင့်စီးပွားရေးရှုထောင့်အရ တန်ဖိုးရှိ၍ အရေးပါသည့် ပဲမျိုးစုံသီးနှံ တစ်ခုဖြစ်သည်။ အသားဓါတ်ခေါ် ပရိုတိန်း (၄၀-၄၅) ရာခိုင်နှုန်းနှင့် ဟင်းသီးဟင်းရွက်ဆီ (၁၉-၂၀) ရာခိုင်နှုန်း ပါဝင်ပါသည်။ ပဲပုပ်ဆီသည် ကမ္ဘာ့ထိပ်တန်းနေရာတွင်ရှိသည့် ဟင်းသီးဟင်းရွက် ဆီ တစ်မျိုးဖြစ်ပါသည်။ ပဲပုပ်သည် ရှေးအကျဆုံး စားသုံးသီးနှံဖြစ်ပြီး ယနေ့ခေတ်တွင် အသုံးအဝင်ဆုံးသီးနှံ အဖြစ် အောင်မြင်မှုရလျက်ရှိပါသည်။
ပဲပုပ်အဓိကစိုက်ပျိုးသည့်ဒေသမှာ ရှမ်းပြည်နယ်ဖြစ်၍ တစ်နိုင်ငံလုံးစိုက်ဧက၏ (၅၀)ရာခိုင် နှုန်းစိုက်ပျိုးပါသည်။ ကျန်ရှိဧရိယာများကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း နှင့် ကချင်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။ ရှမ်းပြည်နယ်တွင် သီးသန့်သော်လည်း ကောင်း၊ သီးညှပ်သီးနှံအဖြစ်လည်းကောင်း၊ အစေ့ထုတ်ပြောင်း၊ နေကြာတို့နှင့် ညှပ်၍ လည်းကောင်း စိုက်ပျိုးကြပါသည်။ အောက်မြန်မာနိုင်ငံတွင် မြစ်ရေကျချိန် ကိုင်းကျွန်းများ၌ စိုက်ပျိုးကြပါသည်။ ပဲပုပ်သီးနှံကို အဓိက ပြည်တွင်းစားသုံးရန် စိုက်ပျိုးကြခြင်း ဖြစ်ပါသည်။
ပဲပုပ်ကို အပူချိန်အမျိုးမျိုးတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။ အပင်ပေါက်ရန် လိုအပ် သည့် အနိမ့်ဆုံးအပူချိန်မှာ (၅) ဒီဂရီစင်တီဂရိတ်ဖြစ်၍ အမြင့်ဆုံးအပူချိန်မှာ (၄၀) ဒီဂရီစင်တီဂရိတ် ဖြစ်ပါသည်။ အပင်ပေါက်နှုန်းကောင်းရန် အသင့်တော်ဆုံးအပူချိန်မှာ ၂၀-၃၅ ဒီဂရီစင်တီဂရိတ် ဖြစ်ပါသည်။ ပဲပုပ်တွင် အဓိကအစိုဓါတ် လိုအပ်ချိန်(၂)ချိန် ရှိပါသည်။ ၎င်းတို့မှာ အစေ့မှ အပင်ပေါက်ချိန်နှင့် သီးတောင့်အတွင်း အစေ့တည်ချိန် ဖြစ်ပါသည်။ စီးပွားဖြစ်စိုက်ပျိုးရာတွင် မိုးရေအားကိုးနှင့်သာ စိုက်ပျိုးကြပါသည်။ အချို့ဒေသတွင် ထပ်မံလိုအပ်သည့်အစိုဓါတ်ကို ရေသွင်း၍ စိုက်ပျိုးကြပါသည်။ အစေ့တည်ချိန်နှင့် အသီးရင့်မှည့်ချိန်တွင် စိုထိုင်းဆများခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့ကြောင့် အစေ့အရည်အသွေး ကျဆင်းစေနိုင်ပါသည်။
ပဲပုပ်သည် သဲသမမြေမှ မြေစေးမြေအထိ မြေအမျိုးအစားမရွေး ဖြစ်ထွန်းနိုင်ပါသည်။ ရေစီးရေ လာကောင်း၍ ညီညာသော မျက်နှာပြင်ရှိရန် လိုအပ်ပါသည်။ မြေချဉ်ငံဓါတ် PH ၅.၅ ထက် လျော့နည်းပါက အပင်ဖြစ်ထွန်းမှု အားနည်းပါသည်။ မြေချဉ်လျှင် ထုံးထည့်သွင်းရန် လိုအပ်ပါ သည်။ ဆားငံပေါက် သည့်မြေတွင် အပင်ပေါက်မှု ဟန့်တားပါသည်။ ထယ်ရေးနက်နက် တစ်စပ်၊ ထွန် ၂-၃ စပ်နှင့် ကြမ်းတုံးဖြင့် မြေစာခဲများချေခြင်း၊ ထယ်ရေးမျက်နှာပြင်ညီညာရန် ပြုပြင်ခြင်း လိုအပ်ပါသည်။ ပေါင်းကင်းရှင်းပြီး ထွန်ရေးကောင်းခြင်းဖြင့် အပင်ပေါက်နှုန်း ကောင်း၍ အစိုဓါတ် ထိန်းသိမ်း ထားနိုင်ပါသည်။
ပဲပုပ်သည် နေ့တာတုန့်ပြန်မှုများခြင်းကြောင့် ပဲပုပ်မျိုးများ မစိုက်ပျိုးမီ မိမိဒေသ၊ စိုက်ပျိုး ချိန်ရာသီနှင့် ကိုက်ညီမှုရှိ/မရှိ စမ်းသပ်စိုက်ပျိုး ရွေးချယ်ရန်လိုအပ်ပါသည်။ အဓိကစိုက်ပျိုးသော မျိုးများမှာ ရေဆင်း-၁၊ ရေဆင်း-၂၊ ရေဆင်း-၃နှင့် ရေဆင်း-၄ မျိုးများကို စိုက်ပျိုးကြပါသည်။ မိမိဒေသ နှင့်ကိုက်ညီမှုရှိ/မရှိ စမ်းသပ်စိုက်ပျိုးရွေးချယ်ပြီးမှသာလျှင်ကျယ်ကျယ်ပြန့်ပြန့် စီးပွားဖြစ် စိုက်ပျိုး သင့်ပါသည်။ တောင်သူများသည် မိမိတို့လိုအပ်ချက်နှင့် ကိုက်ညီသည့်မျိုးကို ရွေးချယ်သင့်ပါသည်။
မျိုးစေ့နှုန်းထားသည် စိုက်တန်းပင်တန်းအကွာအဝေး၊ မျိုးစေ့အရွယ်အစားနှင့် အပင်ပေါက် နှုန်းပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။ အများအား ဖြင့် အတန်းစိုက်အတွက် မျိုးစေ့နှုန်းထား တစ် ဧကလျှင် (၁၄) ပြည်မှ (၁၆) ပြည်အထိ အသုံးပြုကြ၍ ကြဲပက်စိုက်ပျိုးခြင်းအတွက် တစ်ဧက လျှင် (၁.၅) တင်းအထိ အသုံးပြုကြပါသည်။ ပဲပုပ်မစိုက်ပျိုးမီ အပင်ပေါက်နှုန်းကို ပထမဦးစွာ စမ်းသပ်ရပါ မည်။ စိုက်ပျိုးမည့် မျိုးစေ့ကိုဇကာချ၍ အစေ့အရွယ်အစားကြီးသည့် မျိုးစေ့များ ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။
အောက်မြန်မာပြည်တွင် ရေကျသည်နှင့်တပြိုင်တည်း ကိုင်းကျွန်းများတွင် ကြဲပက်စိုက်ပျိုး လေ့ရှိပါသည်။ အထက်မြန်မာပြည်တွင် ပဲပုပ်ကို မိုးကောင်းသောက်လယ်ယာသီးနှံအဖြစ် စိုက်ပျိုး ကြပါသည်။ ပဲပုပ်စိုက်ပျိုးရာတွင် အတန်းလိုက်(သို့မဟုတ်)ကျင်းစိုက် အသုံးပြုလေ့ရှိပါ သည်။ အတန်းလိုက်စိုက်ပျိုးရန် သင့်တော်သည့် တန်ကြားပင်ကြားအကွာအဝေးမှာ သက်ငယ် အပင်ပုမျိုး ၁၂-၁၈လက်မ၊ သက်ကြီး၊ အပင်မြင့် အပင်ကြီးထွားမှုကောင်းသည့်မျိုး ၂၄ လက်မနှင့် ပင်ကြား အကွာအဝေး ၂-၃ လက်မ စိုက်ပျိုးလေ့ရှိပါသည်။ မျိုးစေ့ကို အတန်းအတွင်း လက်ဖြူးချ၍လည်း ကောင်း၊ ကျွဲ၊ နွား၊ ထွန်စက်ဆွဲမျိုးစေ့ချကိရိယာအသုံးပြု၍ စိုက်ပျိုးနိုင်ပါ သည်။ မျိုးစေ့အတိမ် အနက် ၁-၂ လက်မရှိရသည်။ မျိုးစေ့ကို မြေကျင်းနက်နက်စိုက်ပျိုးလျှင် အပင်ပေါက်ခြင်းနှင့် မြေပေါ် အစေ့အရွက်ထွက်ခြင်းကို များစွာထိခိုက်စေပါသည်။ တစ်ဧကလျှင် အသင့်တော်ဆုံးအပင်ဦးရေမှာ ၁၆၀၀၀၀ ဖြစ်ပါသည်။ အပင်ဦးရေ ၁၆၀၀၀၀ မှ ၂၄၀၀၀၀ ထိလည်း စိုက်ပျိုးလေ့ရှိပါသည်။
ပဲပုပ်ကို ရှမ်းပြည်နယ်တွင် ကျယ်ကျယ်ပြန့်ပြန့် အဓိကစိုက်ပျိုးလျက်ရှိသော်လည်း တစ်ပြည်လုံး ရှိ သီးနှံပုံစံအမျိုးမျိုးတွင် ထည့်သွင်းစိုက်ပျိုးနိုင် ပါသည်။ အပူပိုင်းမိုးကောင်းသောဒေသများတွင် နှမ်း၊ ပဲတီစိမ်းနှင့် ပြောင်းတို့ကို မိုးဦးရာသီတွင် မေလနှင့် ဇူလိုင်လအတွင်း စိုက်ပျိုးပြီး ဩဂုတ်လ ဆန်းတွင် ရိတ်သိမ်းနိုင်ပါသည်။ ဩဂုတ်လအတွင်းတွင် မိုးလယ်စပါး၊ ပြောင်း၊ နှမ်း၊ ပဲတီ စိမ်း စသည်တို့ကို ထပ်မံစိုက်ပျိုးပြီး အောက်တိုဘာလတွင် ရိတ်သိမ်းပါသည်။ ပဲပုပ်ကို နိုဝင်ဘာလ တွင် မြေတွင်းကျန် အစိုဓါတ်ဖြင့် စိုက်ပျိုးပါသည်။ အပူပိုင်းဒေသ ဆည်ရေ သောက်ရသည့် နေရာများ၌ ဖေဖော်ဝါရီလတွင် နွေစပါးကို စိုက်ပျိုးနိုင်ပြီး မေလတွင် ရိတ်သိမ်းပါသည်။ မိုးစပါးကို ဇွန်လတွင် စိုက်ပျိုးပြီး စက်တင်ဘာလတွင် ရိတ်သိမ်းပါသည်။ ပဲပုပ်ကို သီးထပ်အဖြစ် ထပ်မံစိုက်ပျိုးပါသည်။
စိုက်ပျိုးချိန်သည် ဒေသကိုလိုက်၍ ကွဲပြားပါသည်။ အသင့်တော်ဆုံးစိုက်ပျိုးချိန်များမှာ မိုးကြို ရေသွင်းစိုက်ကို ဖေဖော်ဝါရီလ၊ မိုးဦးစိုက်ကို မေလ၊ မိုးလယ်စိုက်ကို ဩဂုတ်-စက်တင်ဘာလ၊ မိုးနှောင်းစိုက်ကို အောက်တိုဘာလလယ်မှ နိုဝင်ဘာလလယ်ဖြစ်ပါသည်။ အပင်ပေါက်ကောင်း ရန် စိုက်ချိန်အစို ဓါတ်ပြည့်ဝမှ စိုက်သင့်သည်။ နောက်ကျစိုက်ခြင်းသည် အပင်ကြီးထွားမှုနှင့် အထွက် နှုန်းကို ထိခိုက်စေပါသည်။
ပဲပုပ်အထွက်နှုန်းမြင့်မားရေးအတွက် မြက်ပင်များကို ထိရောက်စွာနှိမ်နင်းရန်လိုအပ်ပါသည်။ ပေါင်းမြက်သည် ပဲပုတ်နှင့် အပြိုင်ပေါက်၍ မြေတွင်းအစိုဓါတ် အာဟာရနှင့် နေရောင်ခြည်ကို ယှဉ်ပြိုင် စားသုံးသည့်အတွက်ကြောင့် ပဲပုပ်အထွက် ထိခိုက်စေနိုင်ပါသည်။ ပေါင်းမြက် မနှိမ်နင်းခြင်းကြောင့် အထွက်နှုန်း (၆၀)ရာခိုင်နှုန်းထိ လျော့နည်းသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ လက်ပေါင်းလိုက်ခြင်း (၂) ကြိမ်နှင့် ကြားပေါင်းလိုက်ခြင်းများကို စိုက်ပျိုးပြီး (၁၅)ရက်သားတွင် ပထမအကြိမ်၊ (၃၀) ရက်သားတွင် ဒုတိယအကြိမ် ဆောင်ရွက်သင့်သည်။
ပဲပုပ်ရင့်မှည့်ပြီး အစိုဓါတ် ၁၃-၁၄ ရာခိုင်နှုန်းသို့ ရောက်ရှိလျှင် ရိတ်သိမ်းရန်သင့်တော်ပါ သည်။ အထွက်နှုန်း ဆုံးရှုံးရသည့်အဓိက အကြောင်းရင်းတစ်ခုမှာ ရိတ်သိမ်းသင့်ချိန်ထက် နောက်ကျ ၍ အစေ့များ ဆုံးရှုံးရခြင်းကြောင့်ဖြစ်ပါသည်။ ရင့်မှည့်ချိန်တွင် အတောင့်အရောင်မှာ ရွှေဝါရောင် ပြောင်းလဲပြီး အရွက်များဝါခြောက်၍ ကြွေကျပါသည်။ သီးတောင့်များ၏ (၉၅)ရာခိုင်နှုန်းမှာ ရင့်မှည့် လျှင် ရိတ်သိမ်းနိုင်ပါသည်။
ပဲပုပ်သည် အာဟာရပြည့်ဝသည့် သီးနှံဖြစ်ပါသည်။ လူ၊ တိရိစ္ဆာန်တို့အတွက် လိုအပ်သည့် အမိုင်နိုအက်ဆစ်ကို ပဲပုပ်အသားဓါတ်တွင် တွေ့ရှိရပါ သည်။ ပဲပုပ်ဆီသည် ကမ္ဘာ့ထိပ်တန်း နေရာ တွင်ရှိ၍ ဆီထုတ်ပြီးကျန်ရှိသည့် ကြိတ်ဖတ်တွင်လည်း အသားဓါတ်ပါရှိခြင်းကြောင့် တိရိစ္ဆာန်အစား အစာအဖြစ် အသုံးပြုကြပါသည်။ ပဲပုပ်မှ စားသောက်ကုန်မျိုးစုံ ထုတ်လုပ်နိုင်ပါ သည်။ ပဲပုပ်အမှုန့်ကို မုန့်ဖုတ်လုပ်ငန်းများတွင် အသုံးပြုကြပြီး ပေါင်မုန့်၊ ဘီစကွတ်၊ ချိုချဉ် အစရှိသည်များတွင် ထုတ်လုပ်ရန်လည်းကောင်း၊ နို့ထွက်ပစ္စည်းများဖြစ်သည့် ပဲပုပ်နို့၊ ထောပတ်၊ ဒိန်ချဉ်၊ ရေခဲမုန့် ပြုလုပ်ရာတွင် လည်းကောင်း၊ ပဲပုပ်ကို အချဉ်ဖောက်၍ ငံပြာရည်၊ မီဆော၊ တို့ဟူး၊ ပဲပြားခြောက်၊ အစို ပြုလုပ်ရန် လည်းကောင်း အသုံးပြုကြပါသည်။ ပဲပုပ်စေ့ကိုလှော်၍ ပဲပုပ်စေ့လှော်ကို သားရေစာအဖြစ်လည်းကောင်း၊ ပဲပုပ်စေ့အမှုန့်ကြိတ်၍ ကော်ဖီမှုန့်ပြုလုပ်၍ လည်းကောင်း စားသုံးနိုင်ပါသည်။ အသားတု၊ ကလေးနို့မှုန့်နှင့် အဖျော်ယမကာထုတ်လုပ်သည့် လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်ပါသည်။ ပဲသီး အစိမ်းကို သားရေစာအဖြစ်ပြုတ်၍ စားသုံးနိုင်ပါသည်။
ပဲပုပ်ဆီကို လူတို့စားသုံးရန်သာမက စက်မှုကုန်ကြမ်း ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုနိုင် ပါသည်။ သံချေးမကိုက်အောင် ပြုလုပ်ရာတွင် လည်းကောင်း၊ ရောင်စုံခဲတံ၊ အလှဆီ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပုံနှိပ်မင်၊ အိမ်သုတ်ဆေး၊ မိုးရေခံဘိလပ်မြေ ထုတ်လုပ် ရာတွင်လည်းကောင်း၊ လျှပ်စစ်ပစ္စည်း အကာအကွယ်ပစ္စည်း၊ ဇီဝဒီဇယ်ဆီ ထုတ်လုပ် ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။
ပဲပုပ်ဆီ၏ ဘေးထွက်ပစ္စည်းဖြစ်သည့် လက်စီသင်ခေါ်သည့် ဓါတုပစ္စည်းကို စားသောက် ကုန်လုပ်ငန်းများတွင်သာမက ဆေးဝါးပစ္စည်းများ ထုတ်လုပ်ရန် အသုံးပြုနိုင်ပါသည်။ ပဲပုပ်မှထုတ် လုပ်သည့် စားသောက်ကုန်များသည် ကာဗွန်ဟိုက်ဒရိတ်ပါဝင်မှုနည်း၍ ဆီးချိုရောဂါရှိသူများ စား သုံးရန်သင့်တော်ပါသည်။ ပဲပုပ်တွင် သက်စောင့်ဓါတ် ဗိုက်တာမင်အေ၊ ဒီနှင့် ဘီတို့ ပါဝင်သည့်အပြင် ကယ်စီယမ်၊ ဖောလစ်အက်ဆစ်နှင့် သံဓါတ်လည်းပါဝင်ပါသည်။ ပဲပုပ်သည် သွေးတိုးကျစေ၍ နှလုံး ရောဂါကို ကာကွယ်ပေးပါသည်။
ပဲပုပ်သီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမှုများပြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လျာထားချက်မှာ မိုး ၁,၇၅၀ ဧက၊ ဆောင်း ၃၅,၀၀၀ ဧက၊ စုစုပေါင်း ဧက ၃၆,၇၅၀ ရှိပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလလယ်အထိ ကလေးခရိုင်တွင် ၁၁,၄၈၇ ဧက၊ စစ်ကိုင်းခရိုင်တွင် ၉,၉၃၄ဧက၊ မော်လိုက် ခရိုင်တွင် ၇,၄၅၁ ဧက၊ ကသာခရိုင်တွင် ၅,၃၉၂ ဧကနှင့် ကျန်ခရိုင်များတွင် ၂,၃၃၃ ဧက စုစုပေါင်း ၃၆,၅၉၇ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းစိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းအရ သိရှိရပါသည်။
ပဲပုပ်သီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးတွင် အောက်တိုဘာလ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လများတွင် ပေါ်ထွက်ပါသည်။ စစ်ကိုင်းတိုင်းဒေသ ကြီးတွင် စိုက်ပျိုးခဲ့သည့် ၃၄,၉၅၉ ဧက အနက် ဖေဖော်ဝါရီလအထိ ၂၆,၇၇၃ ဧက ရိတ်သိမ်းပြီးစီး ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ သိရပါသည်။
ပဲပုပ်တစ်ဧက စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် (၁၅၀၀၀၀) ကျပ်ခန့် ကုန်ကျပါကြောင်း၊ တစ်ဧက အထွက်တင်း(၁၇)တင်းထွက်ရှိပါသဖြင့် တစ်တင်းဈေးနှုန်း (၆၀၀၀၀)ကျပ်ရှိပါသဖြင့် တစ်ဧကဝင်ငွေ (၁၀၂၀၀၀၀) ရရှိပါကြောင်းနှင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် (၈) သိန်းကျော် ရရှိ ပါသဖြင့် တောင်သူများအတွက် တွက်ခြေကိုက်သည့် သီးနှံဖြစ်ပါကြောင်း ဆူးလေကုန်းကျေးရွာ၊ ကျွန်းသာယာကျေးရွာ၊ ကျက်သွန်ဈေး ကျေးရွာရှိ တောင်သူများထံမှ လေ့လာသိရှိရ ပါသည်။
သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပေါ်ဆန်းဆိုလျှင် ရွှေဘိုပေါ်ဆန်း၊ သနပ်ခါးဆိုလျှင် အရာတော်သနပ်ခါးကဲ့သို့ ပဲပုပ်ဆိုလျှင် ရေဦးပဲပုပ် ဆိုပြီး လူကြိုက်များကာ နာမည်ရသည့် သီးနှံ တစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)