နေပြည်တော် မတ် ၂၈
၂၀၂၃ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သည့် (၇၈) နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘောဂသီရိအဝေးပြေးကားကွင်းအနီးရှိ မီးပွိုင့်လမ်းဆုံတွင်လည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်အနီး မီးပွိုင့်လမ်းဆုံတွင်လည်းကောင်း၊ အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းအနီး လမ်းဆုံတွင်လည်းကောင်း၊ ပင်လောင်းမီးပွိုင့်လမ်းဆုံနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်း၌လည်းကောင်း မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိသည်။
အလားတူပင်လောင်းလမ်းဆုံမှ စစ်ရေးပြကွင်းကြီးသို့သွားရောက်သည့် လမ်းတစ်လျှောက်တွင်လည်း တပ်မတော်၏ဆောင်ပုဒ်များကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့်စိုက်ထူထားပြီးစစ်ရေးပြကွင်းအဝင်ဝရှိ မုခ်ဦးကြီးကိုလည်း ခမ်းနားထည်ဝါစွာ တွေ့မြင်နိုင်သည်။ စစ်ရေးပြကွင်းကြီးတွင်ခံ့ညားစွာ စိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့်တတိယ မြန်မာနိုင်ငံတို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်ထုကြီးများကိုလည်းကောင်း၊ (၇၈) နှစ်မြောက်တပ်မတော်နေ့ တံဆိပ်ကြီးကိုလည်းကောင်း၊ ပန်းအလှများဖြင့် ခြယ်သထားပြီး စစ်ရေးပြကွင်းကြီးအတွင်းတွင်လည်း ဗမာ့လွတ်လပ်ရေး တပ်မတော်အလံ၊ ဗမာ့ကာကွယ် ရေးတပ်မတော်အလံ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) ညွှန်ကြားရေးမှူးရုံး အလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ ရောင်စုံအလံများကိုလည်း လွှင့်ထူထားသည့်အပြင် မီးထွန်းညှိထားသည့် တပ်မတော်နေ့မီးရှူးတိုင်ကိုလည်း ခမ်းနား ထည်ဝါစွာ တွေ့မြင်နိုင်သည်။
ထို့အပြင် ၂၀၂၃ ခုနှစ် (၇၈)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် နေပြည်တော် စစ်ရေးပြကွင်းကြီးရှေ့ရှိ တပ်မတော်ပန်းခြံတွင်လည်း မီးအလှများဖြင့် ဖန်တီးပုံဖော်ထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် (၇၈) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်တံဆိပ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များတွင် အသုံးပြုသည့်ယာဉ်ယန္တရားပုံစံငယ်များ၊ ရေယာဉ်ပုံစံငယ်များ၊ လေယာဉ်ပုံစံငယ်များ၊ ရဟတ်ယာဉ်ပုံစံငယ်များနှင့် လက်နက်ပုံစံတူများကို ပြသထားသည်။ ပန်းခြံအတွင်း ဖိုင်ဘာဖြင့်ပြုလုပ်ထားသည် စစ်သည်ရုပ်တု ငယ်များ၊ ပုံဖော်ထားသည့် ပန်းအလှများ၊ သစ်ပင်များတွင် တပ်ဆင်ထားသည့် မီးရောင်စုံများ၊ မီးရောင်စုံများဖြင့် ပြုလုပ်ထားရှိရာ လာရောက်အပန်းဖြေ လည်ပတ်ကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ထို့ပြင် (၇၈) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌လည်း မီးရောင်စုံများ၊ မီးအလှများဖြင့်ထွန်းညှိ၍ ဂုဏ်ပြုအလှဆင်မှုများ ပြုလုပ်ထားလျက်ရှိရာ အဆိုပါနေရာများသို့ လာရောက်အပန်းဖြေ လည်ပတ်ကြသူများဖြင့် အထူး စည်းကားလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်