နေပြည်တော် မတ် ၂၈
မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅) နှစ် စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပ သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅) နှစ်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်သောလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အချိန်မီတားဆီးဆောင်ရွက်
အစည်းအဝေးတွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည် ဖော်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်က မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ (၅) နှစ် စီမံကိန်း(၂၀၂၂-၂၀၂၆)၏ ၂၀၂၃ ခုနှစ် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ တွေ့ကြုံရသည့်အခက်အခဲများနှင့် စိန်ခေါ်မှုများကို ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အကြံပြုဆွေးနွေးပေးရန် ရည်ရွယ်၍ကျင်းပရခြင်း ဖြစ်ကြောင်း။
မြန်မာနိုင်ငံသားများအနေဖြင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် အခြားပြည်ပနိုင်ငံများကို ရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင်မှုများ များပြားနေသောကြောင့် နယ်စပ်ဒေသများတွင် တားဆီးပညာပေးပြီး နေရပ်ပြန်လွှတ်နေရသည့် ဖြစ်စဉ်များတွင်ရွှေ့ပြောင်းသွားရောက်ကြသူများသည် မြန်မာနိုင်ငံအတွင်းပိုင်းဒေသအသီးသီးမှ လာရောက်ကြသူများဖြစ်သည့်အတွက် သက်ဆိုင်ရာတိုင်းဒေသ ကြီး/ပြည်နယ်ချင်းဆက်စပ်နေသော စစ်ဆေးရေးဂိတ်များ၌ ကြပ်ကြပ်မတ်မတ်စစ်ဆေး ဆောင်ရွက်နိုင်မှသာ တရားမဝင်သွားရောက်ခြင်း၊ လူမှောင်ခိုကူးခြင်းနှင့် လူကုန်ကူးခြင်းတို့ကို နယ်စပ်မရောက်မီ မိမိနိုင်ငံအတွင်းမှာပင် အချိန်မီတားဆီး ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။
နယ်စပ်မြို့များသို့ ရောက်ရှိလာ
နိုင်ငံခြားသားများအနေဖြင့် ကွန်ပျူတာ၊ နည်းပညာနှင့်ဆက်စပ်သည့် အလုပ်လုပ်ကိုင်ရန်အွန်လိုင်းမှတစ်ဆင့် လစာကောင်းသည့် အလုပ်ရမည်ဟုပြောဆိုစည်းရုံး၍ လိမ်လည်ခေါ် ဆောင်မှုများကြောင့် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံနယ်စပ်မြို့များသို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ တရားဝင် ဝင်/ထွက် ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ လာရောက်ကြသူများ မဟုတ်ကြောင်း။
ပူးပေါင်းဆောင်ရွက်မှုရလဒ်ဖြစ်
မြန်မာနိုင်ငံတွင် အခက်အခဲဒုက္ခကြုံတွေ့နေရသော နိုင်ငံခြားသားများအားသက်ဆိုင်ရာ သံရုံးများနှင့် NCB လမ်းကြောင်းမှတစ်ဆင့် အကူအညီတောင်းခံမှုများရှိခဲ့ကြောင်း၊ နိုင်ငံအတွင်းသို့အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိပြီး ဒုက္ခရောက်နေသောနိုင်ငံခြားသားများကို ရှာဖွေကယ်တင်နိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးကို ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ ခြင်းသည် သက်ဆိုင်ရာဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ၏ ရလဒ်ပင်ဖြစ်ပါ ကြောင်း။
တိုးမြှင့်ဆောင်ရွက်
ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်အရေးယူဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်သတင်းပေးကူညီမှုများသည် အရေးပါသောအခန်းကဏ္ဍ တစ်ရပ်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်လာစေရန်အတွက် ထိတွေ့ဆက်ဆံနေရသည့် ဌာနဆိုင်ရာများအနေဖြင့် အသိပညာပေးမှုများ၊ စည်းရုံးဆွေးနွေးမှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များက ၂၀၂၃ ခုနှစ် လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများကို အကြံပြုဆွေးနွေးခဲ့ကြပြီး အကြံပြုဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးကခြုံငုံသုံးသပ်ဆွေးနွေးကြကာ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က ၂၀၂၃ ခုနှစ် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအား ရလဒ်တစ်ခုထွက်ပေါ်လာသည်အထိ ဆောင်ရွက်ပေးစေလိုကြောင်းနှင့်လုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်းရာနှုန်းပြည့် ပြီးမြောက်အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်းသိရ သည်။
သတင်းစဉ်