Skip to main content

(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ဆက်လက်ကျင်းပ

နေပြည်တော် မတ် ၂၀

(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲပေါင်း (၁၂၀) ကို ပြည်တွင်းပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း (၇၇) တွဲရောင်းချနိုင်ခဲ့ကြောင်း ကြေညာသည်။

ပြပွဲ ပဥ္စမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း (၂၁၅၀) တွဲအနက် ကျောက်စိမ်း အတွဲအမှတ် (၁) မှ (၇၅၀) အထိကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ကျောက်စိမ်းအတွဲအမှတ် (၁) မှ (၇၅၀) အထိ တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ မတ် ၂၁ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်း အတွဲများအား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင်ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း (၂၉၅) တွဲကို မတ် ၁၈ ရက်မှ ၁၉ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း (၂၉၀) ကို လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း (၁၂၀) ကို မတ် ၂၀ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း (၇၇) တွဲကို လည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။

ထို့ပြင် ကျောက်စိမ်းအတွဲပေါင်း (၂၁၅၀) ကို မတ်၂၁ ရက်မှ မတ် ၂၃ ရက်အထိ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်း ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကျင်းပပြုလုပ်သည့် (၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက်စီးပွားရေးအကျိုးဖြစ် ထွန်းမှုများရရှိနိုင်စေရန်အတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မတ် ၁၇ ရက်မှ ၂၃ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်းဖြစ် သည်။

(သတင်းစဉ်)