သံပုရာပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသလို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင်လည်း အများအပြားစိုက်ပျိုးကြပါသည်။ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို၊ စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သံပုရာသီးကို လူအများ အသုံးပြုကြသဖြင့် စိုက်ပျိုးမှုများပြားလာပါသည်။
သံပုရာပင်စိုက်ပျိုးထွက်ရှိမှု
သံပုရာပင်ကို အများအားဖြင့် အစေ့ကို စိုက်ပျိုး၍လည်းကောင်း၊ မြေထုပ်စည်း၍ လည်းကောင်း စိုက်ပျိုးကြပါသည်။ မြေထုပ်စည်း၍ စိုက်ပျိုးခြင်းဖြင့် အပင်ကြီးထွားမှုနှုန်းမြန်၍ အသီးသီးရာတွင်လည်း မြန်ကြောင်းသိရှိရပါသည်။ သံပုရာပင်မှာ နှစ်ရှည်သီးပင်ဖြစ်၍ မြန်မာ သံပုရာမျိုးသည် ရေမြေ ရာသီဥတုအပေါ်မူတည်ပြီး အောင်မြင်ဖြစ်ထွန်းပါသည်။ မြန်မာနိုင်ငံတွင် သံပုရာပင်ကို မိုးရာသီဖြစ်သော ဇွန်လနှင့် ဇူလိုင်လတွင် စိုက်ပျိုးနိုင်ပြီး ရေပေးသွင်းနိုင်ပါက နှစ်ပတ် လည် စိုက်ပျိုးနိုင်ပါသည်။ သံပုရာပင်ကို နေ့စဉ်ရေလောင်းပေးနိုင်ပါက တစ်နှစ်ပတ်လုံး အသီးများ သီးနိုင်ပါသည်။ သံပုရာပင် စိုက်ပျိုးရာတွင် တစ်ပင်နှင့် တစ်ပင် (၁၅)ပေခန့်ခွာ၍ စိုက်ပျိုးမှသာ အသီးများစွာ သီးနိုင်ပါသည်။ တစ်ဧကလျှင် သံပုရာပင်ပေါင်း (၂၅၀-၃၀၀)ခန့်အထိ စိုက်ပျိုးနိုင် ပါသည်။ သံပုရာသီးမှာ မိုးသံပုရာနှင့် နွေသံပုရာဟူ၍ (၂)မျိုးရှိပြီး မိုးရာသီတွင် သီးသော သံပုရာသီး မှာ အလုံးချောပြီး အသီးအားကောင်း၍ နွေသီးမှာ အလုံးအနည်းငယ်သေး၍ အသီးနှုန်းအားနည်း ပါသည်။ မိုးသံပုရာသီးကို မိုးလများဖြစ်သော ဇွန်လမှ အောက်တိုဘာလအထိ အသီးအလှိုင်ဆုံး အချိန်ဖြစ်ပါသည်။ သံပုရာပင်စိုက်ပျိုးပြီး (၄-၅)နှစ် အကြာတွင် အသီးများစတင် ခူးဆွတ်ရပါသည်။ သံပုရာပင်တစ်ပင်လျှင် ပျမ်းမျှအသီးလုံးပေါင်းမှာ အသီးအား ကောင်းလျှင် ကောင်းသလို (၄၀-၅၀) လုံးခန့်သီးသည်ဟု သိရှိရပါသည်။
သံပုရာပင်တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်နှင့် အကျိုးအမြတ်
သံပုရာပင်တစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ မိသားစုလုပ်အားခပါလျှင် (၄-၅) သိန်းခန့် ကုန်ကျပြီး မိသားစုလုပ်အားခမပါလျှင် (၆-၇)သိန်းခန့် ကုန်ကျသည်ဟု သိရှိရပါသည်။ မိုးသံပုရာသီးမှာ အသီးလုံးချောပြီး သီးအားကောင်းသောကြောင့် ဈေးမှာတစ်လုံးလျှင် (၅၀-၆၀) ကျပ်ခန့် ဈေးရှိ၍ နွေရာသီတွင် သီးသောသံပုရာသီးမှာ အသီးလုံးညှက်ပြီး မိုးသံပုရာလောက် မသီးပေမယ့် ဈေးနှုန်းမှာ တစ်လုံးလျှင် (၁၅၀-၂၀၀) ကျပ်ခန့်ရှိသည်။ သံပုရာစိုက်ပျိုးသော တောင်သူများအနေဖြင့် တစ်ဧကစိုက်ပျိုးထားလျှင် အသီးများစတင်သီးချိန်မှစ၍ တစ်နှစ်ပတ်လုံး ဝင်ငွေများရရှိပြီး တစ်လလျှင် ပျမ်းမျှဝင်ငွေမှာ (၅) သိန်းကျပ်ဝန်းကျင် ခန့်ရရှိသည်ဟု သိရှိရသည်။
သံပုရာသီးနှင့်ကျန်းမာရေး
သံပုရာသီးစားသုံးခြင်းဖြင့် သွေးတွင်းရှိ အဆီများကျဆင်းစေပြီး သွေးတိုးလည်း ကျစေ ပါသည်။ သံပုရာသီးကို တိုင်းရင်းဆေးထုတ်လုပ်ရာတွင် အသုံးပြုရသလို အစာမကြေ၊ လေနာ၊ သလိပ်နာရောဂါများအပြင် ရောဂါအတော်များများ လည်းပျောက်ကင်းစေပါသည်။ သံပုရာသီးစား သုံးခြင်းဖြင့် ကျန်းမာရေးအတွက်သာမက အလှအပရေးရာအတွက်လည်း အထောက်အကူပြုပါ သည်။ သံပုရာသီး အခွံကို ဆားဖြင့်ရော၍ သွားများကိုတိုက်ပေးပါက သွားများဖြူဖွေးစေပါသည်။ တံတောင်ဆစ်မည်း နေလျှင်လည်း သံပုရာသီးကို ထက်ခြမ်းခြမ်း၍ ပွတ်ပေးပါက မည်းနေတာများ ပျောက်ကင်းသလို ဆံပင်ကျွတ်လျှင် အုန်းရည်ထဲသို့ သံပုရာရည်ရောကာ တစ်ပတ်လျှင် တစ်ကြိမ် ခန့် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်ဟုသိရှိရပါသည်။ သွေးတိုး၍ မူးမော်လာပါက သံပုရာရည်ဖျော်၍လည်း သောက်သုံးနိုင်ပါသည်။ ထိုကြောင့် သံပုရာသီးသည် လူအတော်များများ သုံးစွဲကြသော သီးနှံ တစ်မျိုးဖြစ်ပြီး အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါးနှင့် အသုတ်များထဲတွင်ထည့်၍ စားသုံးကြသဖြင့် ခံတွင်းရှင်းပြီး အအီလည်းသက်သာစေသည့်အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါသည်။
သံပုရာသီးကို လူတိုင်းအသုံးပြုကြသဖြင့် ယခုအချိန်တွင် သံပုရာသီးကို ပြည်မြို့ရှိ ကျေးရွာ အတော်များများတွင် စိုက်ပျိုးလာကြပါသည်။ သံပုရာပင်စိုက်ပျိုးရာတွင် စိုက်ပျိုးရန်လွယ်ကူ၍ စိုက်ပျိုးစရိတ်လည်းသက်သာသဖြင့် စိုက်ပျိုးလာကြပါသည်။ ထွက်ရှိလာသော သံပုရာသီးများကို ပြည်ဈေးကွက်သို့တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ပိုလျှံသောသံပုရာသီးများကို ရန်ကုန်မြို့ရှိ ဒညင်း ကုန်းဈေးနှင့် သီရိမင်္ဂလာဈေးများသို့ တင်ပို့ရောင်းချပါသည်။ ထို့ကြောင့် သံပုရာပင်စိုက်ပျိုးသူ တောင်သူများအနေဖြင့် နေ့စဉ်လစဉ်ဝင်ငွေများ ရရှိနိုင်ပြီး ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်မည်ဆိုပါက ပိုမို အကျိုးအမြတ်များရရှိလာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်သည်။
DOCA(ပဲခူး)