မရမ်းသီးသည် ဟင်းလျာအဖြစ်စားလို့ရသလို သရေစာအဖြစ်လည်း စားသုံးလို့ရတဲ့ ကျန်းမာရေးအထောက်အကူပြု သီးနှံတစ်မျိုးဖြစ်ပါသည်။ ယခုလိုရာသီတွင် ထွက်ပေါ်လာပြီ ဖြစ်တဲ့အတွက် အသီး/အရွက်ဈေးကွက်မှာ ဈေးကောင်းပေးဝယ်စားနေကြသော အိမ်ရှင်မတို့အကြိုက် ဟင်းလျာ အစားအစာ တစ်မျိုးဖြစ်ပါသည်။ မရမ်းသီးသည် ဈေးကွက်သို့ ဇန်နဝါရီလ ကုန်လောက်မှစ၍ ဝင်ရောက်လာကြပြီး ဖေဖော်ဝါရီလတွင်တော့ ဝင်ရောက်မှုများလာ၍ ဈေးမှာလည်း ပေါ်ခါစအချိန် ထက်စာလျှင် လျော့နည်းလာခဲ့ကာ တစ်ဆယ်သားလျှင် (၂၀၀၀)ကျပ်ခန့် ထိဈေးကောင်းပေး၍ ဝယ်ယူ စားသုံးကြပါသည်။ မရမ်းသီးဟာ သီးကင်းစပေါ်စကဆိုလျှင် တစ်ဆယ်သား (၅၀၀၀) ကျပ် ကျော် ဈေးရှိခဲ့သော်လည်း ပေါ်ဦးပေါ်ဖျား ဈေးကောင်းပေး၍ ထမင်းဝိုင်းမှာ အခြားဟင်းများနှင့် တွဲဖက်၍ သုတ်၍လည်းကောင်း၊ ပုဇွန်ခြောက်နှင့်ကြော်၍ချက်၍လည်းကောင်း တွဲဖက်၍ စားသုံး ကြကာ အရသာထူးကဲသည့်ထမင်းမြိန်စေသော ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ မရမ်းသီးသည် အသီး အစိမ်းမှာ ကတည်းက ထမင်းဝိုင်းမှာအသုံးဝင်သလို မရမ်းသီးအမှည့်မှာလည်း သကြားနှင့်စိမ်၍ တစ်မျိုး မရမ်းယိုအဖြစ် အချဉ်ထုတ်များထုတ်၍လည်းကောင်း ဈေးကွက်အတွင်း ရောင်းချကြကာ စားသုံးသူများလည်း အကြိုက်တွေ့ကြသည့်သီးနှံဖြစ်ပါသည်။ မရမ်းပြားခြောက်များကိုလည်း ငါး၊ ဝက်သားတို့နှင့် တွဲဖက်၍ချက်စားကြသလို၊ ချဉ်ရည်ဟင်းများတွင်လည်း ထည့်၍ချက်ပြုတ်ကြသည့်အခါ ခံတွင်းတွေ့စေသော ဟင်းလျာဖြစ်ပါသည်။ မရမ်းသီးမှာ ရေဓာတ်ရော၊ အမျှင်ဓာတ်ပါ ပါဝင်သလို အချဉ်ဓာတ်ကဲတာကြောင့် ပါဝင်သည့်အဟာရဓာတ်တန်ဖိုးများအနေဖြင့် Caloric ၆၀%, Vitamin C ၁၇%, Vitamin A ၇%, Calcium ၁%, Iron ၅% နှင့် Carbohydrate ၁၆ mg ပါဝင် ကြောင်း သိရှိရပါသည်။ Vitamin C များစွာပါဝင်သောကြောင့် အသားအရေ ကြည်လင်လှပစေသလို Vitamin A ပါဝင်သည့်အတွက် ဓာတ်တိုးဆန့်ကျင်နိုင်ခြင်း၊ ကင်ဆာဖြစ်ခြင်း မှကာကွယ်ပေးနိုင် သလို အသားအရေလည်းတင်းရင်း လှပစေနိုင်ပါသည်။ သံဓာတ်နှင့် ကယ်ဆီယမ်ဓာတ်တို့ အချိုးကျ ပါဝင်သည့်အတွက် ကျန်းမာရေးအတွက် အကျိုးများသည့် အစားအစာ သီးနှံတစ်မျိုးဖြစ်ပါသည်။ အချဉ်ဓာတ်ကဲသောမရမ်းသီးရှိသလို အချိုသီး လည်းရှိပြီး အချဉ်ကဲသောမရမ်းသီးသည် ခံတွင်းမြိန် စေပြီး အစာစားချင်စိတ်ကို များစွာဖြစ်ပေါ်စေသလို မရမ်းချိုသီးကလည်း ရေစင်စင်ဆေးပြီး သူ့ချည်းပဲ စားသုံးလို့ရပါသည်။
မရမ်းသီးသည် အစာခြေစနစ်အတွက် အကောင်းဆုံးအားဖြည့်ပေးနိုင်သည့် ရေဓာတ်ရော၊ အမျှင်ဓာတ်ပါ ကြွယ်ဝစေသော အသီးတစ်မျိုးလည်းဖြစ်ပါသည်။ မရမ်းသီးကို အသား၊ ငါးများနှင့် တွဲဖက်၍ စားသုံးပါက အသားဓာတ်များတိုးပွားသည့်အတွက် အဟာရများစွာရရှိနိုင်သလို၊ သုပ်၍ စား ပါကလည်း၊ ပဲမှုန့်၊ ပုဇွန်ခြောက် စသည်တို့ကြောင့် အသားဓာတ်အပြင် သတ္တုဓာတ်များလည်း ပေါ များစွာရရှိစေနိုင်ပါသည်။ တန်ဆေးလွန်ဘေးဆိုသလို အမှည့်လွန်ပြီး ယင်ပေါများသည့်အချိန်မှာ စားသုံးမှုများပါကလည်း ဝမ်းရောဂါဖြစ်စေတတ်သဖြင့် အသိ၊ သတိဖြင့် ဆင်ခြင်စားသုံးသင့်ပါသည်။
မရမ်းပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်သောကြောင့် အိမ်ခြံဝန်းများအတွင်း စိုက်ပျိုးထား ရှိကြကာ သီးကင်းစမှအသီးမှည့်ချိန်ထိ ဝင်ငွေရရှိစေတဲ့ အပင်တစ်မျိုးဖြစ်ပါသည်။ အပင်ကြီးတစ်ပင် လျှင် အပင်အရွယ်အစားပေါ်မူတည်၍ ပိဿာချိန် ဆယ်ချီ၊ ရာချီထွက်ရှိသည့်အတွက် ခြံဝန်း ကျယ်ရှိ သူများ မိမိတို့ခြံဝန်း၊ အိမ်ဝန်းအတွင်း (၁-၂)ပင် ခန့်စိုက်ပျိုးနိုင်မည်ဆိုလျှင် နှစ်စဉ်ဝင်ငွေရရှိစေသော နှစ်ရှည်ပင်သီးပင်စားပင်တစ်မျိုးဖြစ်ပါကြောင်း လေ့လာရေးသားရပါသည်။
DOCA(ပဲခူး)