Skip to main content

ပြည်ပဝင်ငွေအများဆုံးရှာဖွေပေးနိုင်သော မတ်ပဲ

ကျွန်မတို့မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးရုံသာမက ပြည်ပသို့တင်ပို့ရောင်းချကြသော ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ မြန်မာနိုင်၏ စိုက်ပျိုးမြေဧရိယာ ၂၀% ခန့်သည်ပဲမျိုးစုံစိုက်ပျိုးနေပြီး မတ်ပဲ၊ ပဲစင်းငုံ၊ပဲတီစိမ်း စသည့်ပဲများသည် နှစ်စဉ်ပြည်ပသို့ တင်ပို့ရောင်းချမှုအများဆုံးပဲများဖြစ်ပြီး ပြည်ပ ဝင်ငွေရှာဖွေပေးနိုင်သောသီးနှံများ ဖြစ်ကြပါသည်။ အဆိုပါပဲများတွင် မတ်ပဲသီးနှံသည် မြန်မာနိုင်ငံ၏ ပဲမျိုးစုံသီးနှံများအနက် စိုက်ပျိုးမှုများသော ပဲသီးနှံတစ်မျိုးဖြစ်ကာ ပြည်ပတင်ပို့ ရောင်းချနိုင်မှု ပမာဏအများဆုံး သီးနှံဖြစ်သည်နှင့်အညီ ပြည်ပဝင်ငွေရှာဖွေပေးနိုင်မှုအများဆုံ သီးနှံလည်းဖြစ်ပါသည်။ အောက်မြန်မာပြည်၌ မိုးစပါးများရိတ်သိမ်းပြီး စိုက်ပျိုးမှုရှိသလို အထက် မြန်မာပြည်ရှိ အချို့တိုင်းဒေသကြီးများတွင် မိုးသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ အောက်မြန်မာပြည် ဒေသများ၌ မတ်ပဲစိုက်ပျိုးမှုသည် တစ်နိုင်ငံလုံးစိုက်ပျိုးမှုဧရိယာ၏ ၉၀% ခန့်စိုက်ပျိုးမှုရှိပါသည်။ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် မိုးစပါးအပြီး ဆောင်းသီးနှံအဖြစ် အများဆုံး စိုက်ပျိုးကြပါသည်။ မတ်ပဲသီးနှံအား သီးထပ်စိုက်ပျိုးမည့်ဒေသများတွင် လယ်မြေများ၌ မိုးစပါးကို သက်လက် စပါးကိုသာ အဓိကထားစိုက်ပျိုးကြပါသည်။ မတ်ပဲသီးနှံသည် ပူနွေး၍ခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်သည့်အတွက် အပူချိန်မြင့်မားသည့်ဒဏ်ကိုခံနိုင်ရည်ရှိသော သီးနှံဖြစ် ပြီး အပူချိန် (၂၅)°C မှ (၃၅)°C အကြားရှိ ဒေသများတွင် စိုက်ပျိုးနိုင်သလို ရေငတ်ဒဏ်ခံနိုင်ရည်ရှိ၍ ပျမ်းမျှမိုး ရေချိန် ၃၆ လက်မအောက်ရွာသွန်းသည့် ဒေသများတွင် အောင်မြင်ဖြစ်ထွန်းပါသည်။ မတ်ပဲကို အောက်မြန်မာပြည်ဒေသများတွင် မိုးနှောင်းနှင့် ဆောင်းဦးကာလများတွင် စိုက်ပျိုးကြပြီး ဆောင်းနှောင်းနှင့် နွေဦးကာလများတွင် ရိတ်သိမ်းကြပါသည်။

စိုက်ပျိုးသည့် မြေအမျိုးအစားအနေဖြင့် မြေသားနု၍ ရေမဝပ်သောမြေ၊ စနယ်မြေစေး၊ သဲမြေ၊ လယ်မြေကဲ့သို့ မြေအမျိုးအစားများတွင် စိုက်ပျိုးနိုင်၍ စပါးစိုက်ပျိုးရိတ်သိမ်းပြီး လယ်မြေ နှင့် မြစ်ရေကျပြီး နုန်းသမမြေတို့တွင် အများဆုံး စိုက်ပျိုးမှုရှိကာ ဆားပေါက်နေသောမြေနှင့် ထုံး ဓါတ်ပါသော မြေများတွင် စိုက်ပျိုး၍ မသင့်ကြောင်း သိရှိရပါသည်။ မြေချဉ်ငံဓာတ် PH (၅.၅) ထက် လျော့နည်းပါက အပင်အောင်မြင်ဖြစ်ထွန်းမှု အားနည်းသည့်အတွက် မြေချဉ်ငံဓာတ် PH(၅.၈) မှ PH (၆.၅) တို့တွင် စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးသော မတ်ပဲမျိုးများအနေဖြင့် ရေဆင်း-၂၊ ရေဆင်း-၄၊ ပုလဲထွန်း၊ ရေဆင်း-၆၊ မင်းလှလုံးကြီး၊ မိုးညိုလုံးကြီး၊ ဟင်္သာလုံးကြီး၊ မင်းလှထွန်းစသည့်မျိုးများဖြစ်ကြသလို တောင်သူအများဆုံးစိုက်ပျိုးသော အမျိုးအစားများသည် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ခံသည့် မျိုးကောင်း/မျိုးသန့်များနှင့် ဒေသမျိုးများကို အဓိကထားစိုက်ပျိုးကြပါသည်။

မတ်ပဲသီးနှံ၏ အင်္ဂလိပ်အမည်မှာ Blackgram ဖြစ်ပြီး သိပ္ပံအမည်မှာ Vigna mungo(L) Hepper၊ သိပ္ပံခွဲအမည်မှာ Phaseolus mungo L ဖြစ်ပါသည်။ မတ်ပဲသီးနှံအားပြည်တွင်း၌ စားသုံးမှု အနေဖြင့် ပဲပင်ပေါက်ဖောက်၍လည်းကောင်း၊ ပရာကြော်၊ ပါပရာ၊ တိုရှည်၊ ပဲမုန့် စသည်ဖြင့် ပြုလုပ်၍ စားသုံးကြသည့်အပြင် ပြည်ပသို့ အဓိကတင်ပို့ရောင်းချရန်အတွက် စိုက်ပျိုးထုတ်လုပ်ကြ ခြင်းဖြစ်ပါသည်။ မတ်ပဲစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအနေဖြင့် ယခုနှစ်တွင် ပဲတစ်တင်း ပိဿာ (၂၀) လျှင် ကျပ်(၆၀၀၀၀)အထက် ရရှိနေခဲ့သည့်အတွက် တစ်ဧကပျမ်းမျှ (၁၅)တင်း ထွက် လျှင် အကျိုးအမြတ် ကျပ်(၄)သိန်းကျော် (၅)သိန်းနီးပါး အကျိုးအမြတ်ရလျက်ရှိပြီး ယခုပေါက်ဈေး အရ အထွက်နှုန်းများလျှင် များသလောက် အကျိုးအမြတ် ပိုရနေမှာဖြစ်သော်လည်း အထွက်နှုန်း နည်းသည့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေဖြင့် အရင်းကျေရုံသာရရှိခဲ့ကြသည်ဟု သိရှိရပါ သည်။

မတ်ပဲသီးနှံသည် အခြားပဲများနှင့်ယှဉ်လျှင် စားသုံးမှုအလွန်နည်းပါးသော်လည်း ကျန်းမာရေး အရလေ့လာကြည့်မည်ဆိုပါက အကျိုးကျေးဇူးများ ရရှိသောသီးနှံတစ်မျိုးဖြစ်ပါသည်။ မတ်ပဲတွင် ပရိုတင်း၊ သတ္တုဓာတ်စသည်တို့ အမြောက်အမြားပါဝင်နေသလို သံဓာတ်ပြည့်သော အသီးအနှံလည်းဖြစ်ပါသည်။ အထူးသဖြင့် အမျိုးသမီး သံဓာတ်အားနည်းပါက စားသုံးသင့်ပါသည်။ အမျှင်ဓာတ် များ ပါဝင်ခြင်းကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါသည်။ ဖောလစ်အက်ဆစ်နှင့် မဂ္ဂနီဆီယမ်ဓာတ်တို့ကြောင့် နှလုံးကျန်းမာအောင် အထောက်အကူပေး ပါသည်။ မှတ်ဉာဏ်အားနည်းခြင်း၊ သတိမေ့လျော့ခြင်းစသည့် အာရုံခံအင်္ဂါ အဖွဲ့အစည်းပြဿာနာ များအတွက် မတ်ပဲက ကောင်းကျိုးကို ရစေသလို အဆစ်အမြစ်များ ရောင်းရမ်းခြင်း၊ အဆီကျစေခြင်း၊ အရိုးအားကောင်းစေခြင်းစသည့် ကောင်းကျိုးများကိုပါ ရစေပါ သည်။ မတ်ပဲဖြင့် ပြုလုပ်သော ပဲပင်ပေါက်အား ကျွန်မတို့အရပ်ဒေသများတွင် အလှူပွဲ၊ မင်္ဂလာ ဆောင်ပွဲများ၌ ပဲတီချဉ်ပြုလုပ်၍ ဝက်သားဟင်း၊ ကြက်သားဟင်း၊ ကြာဇံဟင်းချိုများနှင့်လည်း ကျွေးမွေးဧည့်ခံကြပါသည်။ မတ်ပဲနှင့်ပြုလုပ်သော ပါပရာကြော်သည် ငါးမုန့်ကဲ့သို့ပင် စား၍ အရသာရှိသော အစားအစာတစ်ခုဖြစ်ပါသည်။

မတ်ပဲသီးနှံသည် တင်ပို့ရောင်းချလျက်ရှိပြီး နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေပေးနိုင်သော ပဲသီးနှံဖြစ်သလို ပြည်တွင်းစားသုံးမှုအနည်းငယ်သာ ရှိကြသော်လည်းကျန်းမာရေးအရ စားသုံးပေး သင့်သောသီးနှံတစ်မျိုးဖြစ်ပါသည်။ ဒါ့ကြောင့် ပြည်ပဝင်ငွေ ရှာဖွေပေးနိုင်ရုံသာမက ကျန်းမာရေး စားသုံးရန် သင့်တော်သော မတ်ပဲသီးနှံအား မိမိဒေသ၊ ရာသီဥတု၊ မြေအနေအထားနှင့်ကိုက်ညီသည့် အတွက်ကောင်းမျိုးများအား ရွေးချယ်စိုက်ပျိုးပြီး အထွက်တိုးအောင် စိုက်ပျိုးထုတ်လုပ်နိုင်သည်နှင့် အမျှ တောင်သူများ ဝင်ငွေတိုးနိုင်မည်ဖြစ်သလို ပြည်ပဝင်ငွေလည်း ပိုမိုလာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)