ခရီးသွားများ အပန်းဖြေအနားယူနိုင်သည့် စိမ်းစိုသောပတ်ဝန်းကျင်များ ဖော်ထုတ်ရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသောဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေး၊ လုံခြုံရေးနှင့် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ်တို့ အသုံးပြု၍ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလှုပ်ရှားမှုများတွင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်းသိရသည်။ ဟိုတယ်အဆင့်အတန်းကို ဟိုတယ်အခန်းဖွဲ့စည်းမှု၊ အသုံးအဆောင်ပစ္စည်းများအရည်အသွေး၊ ဟိုတယ် ဝန်ထမ်းများ၏ အရည် အသွေး ဝန်ဆောင်မှုစံချိန်စံညွှန်းများ၊ အဆောက်အဦ၏ အင်ဂျင်နီယာပိုင်းဆိုင်ရာ အရည်အသွေးများ အပေါ် မူတည်သတ်မှတ်ခြင်းဖြစ်သည်။ ထို့အပြင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပြည့်စုံလုံလောက် သော မြေနေရာကျယ်ဝန်းမှု၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွဲဆောင်မှုများနှင့်နီးစပ်ပြီး သဘာဝရှုခင်း ကောင်းသော ပတ်ဝန်းကျင်တို့ ပြည်စုံမှုရှိရန်လိုအပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် ခရီးသွားများအတွက် စိတ်ဝင်စားဖွယ်နေရာများစွာရှိသော တိုင်း ဒေသကြီးတစ်ခုဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မုံရွာမြို့၌ လစဉ်ကျင်းပပြုလုပ်ပြီး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များ ညှိနှိုင်းဆောင်ရွက်လျက်ရှိ ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၂)မြို့နယ်တွင် ဟိုတယ်၊ တည်းခိုရိပ်သာ(၆၁)ခု ခွင့်ပြုလိုင်စင်ချထားသည့်အနက် ခရီးသွားဇုန် သတ်မှတ်ထားသော မုံရွာဇုန်တွင်(၁၄)ခု၊ စစ်ကိုင်းဇုန် တွင် (၁၀)ခု၊ ရွှေဘိုဇုန်တွင်(၄)ခု၊ ကလေးဇုန်တွင်(၁၁)ခု၊ ကသာဇုန်တွင်(၅)ခု၊ ခန္တီးဇုန်တွင် (၃)ခု၊ စုစုပေါင်း(၄၇)ခု၊ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်အတွင်း ပြည်တွင်းဧည့်ဝင် (၄၉၈၀၅) ဦး၊ ပြည်ပဧည့်ဝင်(၄၉၇)ဦး၊ စုစုပေါင်း(၅၀၃၀၂)ဦး ဝင်ရောက်ခဲ့ပြီး ၂၀၂၂ခုနှစ်အတွင်း ပြည်တွင်း (၁၁၁၅၆၄)ဦး၊ ပြည်ပ(၁၄၅၁)ဦး၊ စုစုပေါင်း (၁၁၃၀၁၅)ဦး ဧည့်ဝင်ရောက်ခဲ့သဖြင့် ယခင်နှစ် ထက် တိုးတက်ဝင်ရောက်ခဲ့ကြောင်းသိရပါသည်။ ပြည်ပခရီးသွားအနက် အများစုလာရောက်သည့် နိုင်ငံများမှာ ထိုင်း၊ ရုရှား၊ အစ္စရေး၊ အီတလီ နိုင်ငံသားတို့ဖြစ်သည်။ စစ်ကိုင်း မင်းကွန်းဒေသတွင် ဧည့်လမ်းညွှန်သင်တန်း၊ စစ်ကိုင်းမြို့တွင် မုန့်ဖုတ်သင်တန်း၊ မုံရွာမြို့တွင် မသန်စွမ်းသူများ ဝန်ဆောင်မှုပေးနိုင်ရေး အသိပညာပေးသင်တန်းနှင့် အွန်လိုင်းစနစ်ဖြင့် ဧည့်သည်စာရင်းပေးပို့နိုင်ရေး အတွက် Guest List Management System သင်တန်းများကို ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။ ဟိုတယ် တည်းခိုရိပ်သာများတွင် သစ်ပင်ပန်းမန်များ တိုးချဲ့စိုက်ပျိုးခြင်းနှင့် အမှိုက်ခွဲခြားစွန့်ပစ်စနစ်ကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ခရီးစဉ်ဒေသသစ်နှင့် ခရီးစဉ်ဒေသဆွဲဆောင်မှုများ ဖော်ထုတ် ရေးအတွက် အထင်ကရ ခရီးစဉ်ဒေသများအကြောင်း အင်္ဂလိပ်-မြန်မာ (၂)ဘာသာဖြင့် QR Code အပါအဝင်၊ ခရီးသွားလမ်းညွှန်မြေပုံ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်းသိရပါသည်။ ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ လေဆိပ်၊ ဘုရား၊ အပန်းဖြေနေရာတို့တွင် ကွင်းဆင်း၍ ခရီးသွားဧည့်သည်များ၏ Feedback များကိုရယူရန် Survey ကောက်ယူခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။ မုံရွာခရီးသွားဇုန်နှင့် စစ်ကိုင်းခရီးသွား ဇုန်ရှိ ခရီးစဉ်ဒေသများ၏ Documentary Video ရိုက်ကူးဆောင်ရွက်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသ ကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)