ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာအုပ်စု၊ အိုးဘိုကုန်းကျေးရွာတွင် အိုးလုပ်ငန်းကို အိမ်တွင်း လက်မှုလုပ်ငန်းအဖြစ် အပိုဝင်ငွေရရှိစေရန်အတွက် ဖျင်းအိုး၊ သောက်ရေအိုး၊ အင်ဒုံ၊ စုဘူး၊ ဘုရားပန်း အိုး၊ ငါးပိရေကျိုအိုးနှင့် ကစားစရာပစ္စည်းများ စသည်ဖြင့် တစ်နိုင်တစ်ပိုင်ပြုလုပ်ကြပါသည်။ အိုးပြု လုပ်ရာတွင် ရွှံ့စေးမြေကို အသုံးပြုရပါသည်။ ရွှံ့စေးမြေကို ဖြူးချောင်းမှ လှည်းဖြင့်လည်းကောင်း၊ ထော်လာဂျီထွေလာဖြင့်လည်းကောင်း သယ်ယူရပါသည်။ အိုးဖုတ်ရာတွင် စပါးခွံ၊ ကောက်ရိုးနှင့် ထင်းများကို အသုံးပြုရပါသည်။ရှေးဦးစွာ ရွှံစေးမြေကြီးများကိုထုပြီး အတုံးလေးများရလာသောအခါ ရေထဲတွင်ပျော်ဝင်စေရန် အတွက် နှစ်ရက်ခန့်စိမ်ထားရပါသည်။ ရေစိမ်ထားသောမြေကြီးခဲများကို သဲခင်း၍ ညီညာသော မျက်နှာပြင်တွင် စေးကပ်စေရန် ခြေဖြင့်နယ်ပေးရပါသည်။ ရွှံ့စေးများဖြစ်သွားလျှင် အိုးပြင်ပေါ်၌ အိုးပြင်စိုက်ပြီး လူတစ်ဦးက အိုးပြင်ကိုလှည့်၍ လူတစ်ဦးကပုံဖော်ရပါသည်။ အိုးပြင်စိုက်ပြီး ပုံသဏ္ဌာန် ပေါ်လာလျှင် အိုးအားထုနှက်ရပါသည်။ ပြီးလျှင် ညီညာစွာချထားပေးရပါသည်။ တစ်နေ့လျှင် ၁၅ လုံးခန့်အိုးချနိုင်ပါသည်။ နောက်နေ့တစ်ဖန် ချထားသောအိုးများကို ပုံဖော်ရပါသည်။ အိုး ၁၅ လုံးခန့် ပြီးစီးရန် အချိန် ၃ ရက်ကြာပါသည်။ပုံဖော်ပြီးသောအိုးများကို နေပူထဲတွင် သုံးလေးရက်ခန့် အခြောက်ခံလှန်းထားရပါသည်။ နေပူ လှန်းပြီးသောအိုးများကို မီးပြာခဲတွင် မီးဖုတ်ရပါသည်။ မီးပြာခဲဖိုရန်အတွက် ဖွဲခံရပါသည်။ ဖွဲပေါ်တွင် ထင်းတုံးများစီထားရပါသည်။ ထင်းတုံးပေါ်တွင် အိုးများကို စီရပါသည်။ အိုးပတ်ပတ်လည်တွင် ထင်းများကို ဝိုင်းနေအောင်ထပ်စီပေးရပါသည်။ ထင်းပြည့်သွားလျှင် အပေါ်၌ကောက်ရိုးထပ်စီပေးရ ပါသည်။ ကောက်ရိုးပေါ်တွင် ရွှံ့တင်ပြီး မီးရှို့ရပါသည်။ မီးဖုတ်ပြီး နှစ်ရက်ခန့်ကြာလျှင် မီးဖိုမှထုတ် ယူပြီးလျှင် ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချနိုင်သည့် အိုးတစ်လုံးရရှိပြီဖြစ်ပါသည်။
အိုးဘိုကုန်းကျေးရွာမှအိုးများကို အနယ်နယ်အရပ်ရပ်ရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချ ကြောင်း သိရှိရပါသည်။ အိုးဘိုကုန်းရွာမှ အိုးလုပ်ငန်းသည် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ရွာသူရွာသားများက လုပ်ကိုင်ဆောင်ရွက်ကြပါသည်။ မိသားစုလေးဦး(သို့)ငါးဦးခန့် ငွေကြေးအရင်း အနှီးနည်းနည်းဖြင့် လုပ်ကိုင်နိုင်သည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)