Skip to main content

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် မတ် ၁၉

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုများသည် ပေါက်တောမြို့နယ် ပြိုင်းတောင်ကျေးရွာ အုပ်စုစိုးမဲကျီကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော မျက်စိခွဲစိတ် လူနာခြောက်ဦးကို ဆေးရုံရေယာဉ်ပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ပြန်လည်ပို့ဆောင်ပေး

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ မျက်စိခွဲစိတ် လူနာများကို မျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ထို့နောက် အဆိုပါလူနာများကို တပ်မတော်ရေယာဉ်ဖြင့် စိုးမဲကျီဆိပ်ကမ်းသို့ ပြန်လည်ပို့ဆောင်ပေးသည်။

ထို့အတူ နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် စိုးမဲကျီကျေးရွာရှိ ဓမ္မရက္ခိတစိုးမဲကျီကျောင်းတိုက်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၀၀၈ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးကြသည်။

တက်ရောက်ကုသ

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၈၂ ဦး၊ ခွဲစိတ်ရောဂါ ၅၁ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၇ ဦး၊ ကလေး ရောဂါ ၁၁၄ ဦး၊ အရိုးရောဂါ ၁၁၀၊ နား/ နှာခေါင်း/ လည်ချောင်း ရောဂါ ၅၅ ဦး၊ မျက်စိရောဂါ ၂၁၆ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ငါးဦး၊ မျက်စိခွဲစိတ်လူနာ ခြောက်ဦး၊ ဓာတ်မှန်ရိုက်လူနာလေးဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၅၉ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၅၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၂ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူတစ်ဦးကိုနီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး ဆောင်ရွက် ပေးသည်။

ကျန်းမာရေး ဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်-

“ကြက်ခြေနီတပ်ဖွဲ့က ပေါက်တောမြို့မှာလာပြီး ပါဝင်ကူညီဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ဆေးရုံဆေးခန်းကတော့ ပေါက်တောမြို့မှာ ဖွင့်ထားတဲ့ဆေးခန်းတွေတော့ ရှိပါတယ်။ ဒါပေမယ့် ပြည့်စုံလုံလောက်မှုမရှိတာတွေတော့ ကြုံရပါတယ်။ အခုလိုသင်္ဘောကြီးလာတဲ့အတွက် ကျွန်တော်တို့မှာ ပြည့်ပြည့်စုံစုံ ပါဝင်လာတဲ့အတွက် အင်မတန်မှ အားလဲရှိပါတယ်။ သင်္ဘောကြီးက ဆေးကုသဖို့ လာတယ်ဆိုတာ တစ်သက်မှာ တစ်ခါမှမကြုံဖူးပါဘူး။ အခုချိန်မှာ သင်္ဘောကြီး ရောက်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ တစ်ရက်မှာ တစ်ထောင်ကျော် ဆေးကုသခွင့်ရတဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်။ တချို့ဆိုရင် မျက်စိလုံးဝကွယ်နေတဲ့ သူတွေကိုတောင် ဆေးဝါးအပြည့်အစုံနဲ့ ကုသပေးမှုကြောင့် မျက်စိကို မြင်ရတဲ့အထိ အောင်မြင်စွာကုသပေးနိုင်တာကို ကိုယ်တိုင် တွေ့ကြုံခဲ့ရပါတယ်။ ဒါကြောင့် ဒေသခံတွေကိုယ်စား ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ အထူးပြောချင်တာကတော့ အခုလာပြီး ကျန်းမာရေးကို စေတနာအနစ်နာနှင့် ကုသပေးတဲ့ ဆရာဆရာမတွေ၊ ပါရဂူတွေ၊ ကူညီလုပ်ကိုင်ပေးတဲ့ သူတွေကအစ အင်မတန်မှ ဝမ်းသာမိပါတယ်။ ဒီနေရာမှာရှိတဲ့ ဒေသခံတွေက ငွေကြေးအရသော်လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးအရသော်လည်းကောင်း တော်တော်လေး ခက်ခဲနေတာ ဖြစ်ပါတယ်။ ဒီဒေသကို သင်္ဘောကြီးလာရောက်ကုသ ပေးတဲ့အတွက် ဒေသခံတွေက အင်မတန်မှ ပျော်ရွှင်ပီတိလည်း ဖြစ်ရပါတယ်။ ဝမ်းပန်းတသာနဲ့ ကြိုဆိုနေတာကို မျက်မြင်ကိုယ်တွေ့ မြင်ရပါတယ်။ အခုလိုလာ ရောက်ပေးတဲ့အတွက် ကန္တာရမှာ မိုးရွာသလိုပါပဲ၊ လာပေးတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ နိုင်ငံတော်အကြီးအကဲနှင့်တကွ တာဝန်ရှိသူတွေကအခုလို စီစဉ်ပေးတဲ့အတွက် သမားတော်ကြီးတွေ၊ ပါရဂူကြီးတွေ၊ သူနာပြုတွေ၊ ဆရာမတွေ၊ ဆရာတွေ၊ သက်ဆိုင်ရာဌာနအသီးသီးက ဝိုင်းဝန်ကူညီကြသူတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ နောက်နောင်ကို ကျွန်တော်တို့ မြို့နယ်ကိုလာခဲ့ပါလို့ တောင်းဆိုပါတယ်။ လာပါစေလို့လည်း ဆုတောင်းပါတယ်။”

“အခမဲ့ဆေးကုသပေးမယ်လို့ ပေါက်တောမြို့မှာ ကြေညာပါတယ်။ အသွားအပြန်အားလုံး အခမဲ့လုပ်ပေးမယ်လို့ ပြောပါတယ်။ တပ်မတော်ကနေပြီး အခမဲ့ဆေးတပ်ဖွဲ့ကနေပြီး အခမဲ့ပို့ဆောင်ပေးပါတယ်။ အခုလို လာရောက်ကုသပေးတဲ့အတွက်ဝမ်းသာမိပါတယ်။ ဂရုစိုက်ပြီး ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘင်္ဂလားပင်လယ်အော်နဲ့နီးတဲ့အတွက် သွားရလာရ အခက်ခဲဆုံးနေရာကို လာရောက်ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုကျန်းမာရေးစောင့်ရှောက်မှုတွေကို တစ်နှစ်တစ်ခါလာရောက် ကုသပေးစေချင်ပါတယ်။ ဒီလိုနိုင်ငံတော်ကနေပြီး ရခိုင်ပြည်နယ်ကို လာရောက်ပြီး အခမဲ့ဆေးကုသပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။”

သတင်းစဉ်