Skip to main content

ငါးများအတွက် လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များပါဝင်သည့် အားဖြည့်အမှုန့်များ စမ်းသပ်နေသည့် လုပ်ငန်းစဉ်များကို အောက်တိုဘာလတွင် ပြီးစီးအောင်ဆောင်ရွက်သွားမည်

နေပြည်တော် မတ် ၁၉

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ရွှေမူယင်း ငါးမွေးမြူရေးကန်သို့ ရောက်ရှိစစ်ဆေးစဉ် “အခြားလိုအပ်သည့် ဗီတာမင်များ အပါအဝင် တိရစ္ဆာန်ဆေးဝါးများ ရရှိရေးအတွက်လည်း ဆေးဝါးစက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်” လမ်းညွှန်မှုပြုထားသဖြင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ သုတေသနဌာနတွင် ငါးအစာတောင့်အတွင်းထည့်သွင်းမည့် ဗီတာမင်နှင့်သတ္တုဓာတ်များပါဝင်သော အားဖြည့်အမှုန့် (Premix)များကို စမ်းသပ်သုတေသနပြုထုတ်လုပ်နေမှုတို့ကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင်သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ သုတေသနဌာန အစည်းအဝေးခန်းမ၌ အထွေထွေမန်နေဂျာက သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန်နှင့် တိရစ္ဆာန်များအတွက်လိုအပ်သော ဆေးဝါးများနှင့်အားဖြည့်အစာများ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ ငါးများအတွက် လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်များပါဝင်သည့် အားဖြည့်အမှုန့်များကို စီးပွားဖြစ် ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများကို လျင်လျင်မြန်မြန်ဆောင်ရွက်ရန်၊ မိမိတို့ ထုတ်လုပ်သော အားဖြည့်အမှုန့်များသည် ငါးများအတွက် အမှန်တကယ် အကျိုးထိရောက်မှု ရှိ/မရှိကိုလည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှလည်း သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်၍ ကြိုတင်ညှိနှိုင်းထားရန်၊ သုတေသနလုပ်ငန်းများသည် ကုသိုလ်လည်းရ ဝမ်းလည်းဝသည့် လုပ်ငန်းဖြစ်၍ စိတ်ပါဝင်စားစွာဖြင့် အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြရန်၊ ဘဏ္ဍာရေးနှစ်တစ်ခုအတွင်း သုတေသနပြုလုပ်မည့် အခြေအနေများကို အစီအမံများ ရေးဆွဲဆောင်ရွက်ရန်မှာကြားပြီး ငါးများအတွက် လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များပါဝင်သည့် အားဖြည့်အမှုန့်များ စမ်းသပ်နေသည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ငါးများအတွက် လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်များ ပါဝင်သည့် အားဖြည့်အမှုန့်များ စမ်းသပ်နေသည့် လုပ်ငန်းစဉ်များကို အောက်တိုဘာလတွင် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်သည်။ ၂၀၂၂-၂၀၂၃ ခုနှစ် အတွင်း Vitamin ဆေးပြား၊ HIV ကုသဆေးနှင့် ကင်ဆာရောဂါ ကုသဆေး၊ တိုင်းရင်းဆေးအနေဖြင့် ဆေးခါးကြီးနှင့် ဗီတာမင်စီအတွက် ဆီးဖြူသီးမှ ဆေးထုတ် လုပ်နိုင်ရေးကိုလည်း သုတေသနပြုလျက်ရှိသည်။

၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ဘေးထွက်ဆိုးကျိုး လျော့နည်းစေပြီး ပိုမိုထိရောက်သော ဆီးချိုပျောက်ဆေး (Metformin + Sitagliptin Tablet) ကို ထုတ်လုပ်နိုင်ရေး သုတေသနပြုဆောင်ရွက် သွားမည်ဖြစ်သည်။ တစ်ဖက်တွင် လည်း MSMEs လုပ်ငန်းရှင်များ FDA လိုင်စင် ရရှိရေးအတွက် ၎င်းတို့၏ ထုတ်ကုန်များကို စားသောက်ကုန် ဓာတုဓာတ်ခွဲခန်းတွင် စားသောက်ကုန်စမ်းသပ်ချက် ၂၈ မျိုးနှင့် အဏုဇီဝဓာတ်ခွဲ စမ်းသပ်ချက်လေးမျိုးတို့ကို ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ(အင်းစိန်) သို့ရောက်ရှိပြီး စက်ရုံသမိုင်းပြခန်း တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် တည်ဆောက်ပြီးစီးမှုကို Third Party ဖြင့် စစ်ဆေးရန်မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ အရာထမ်းများနှင့်တွေ့ဆုံပြီး အများပြည်သူများ အားကိုးရသည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ပြုမူနေထိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်