Skip to main content

ပြည်ထောင်စုဝန်ကြီးဦးကိုကို အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်တန်းဆင်းလက်မှတ်များပေးအပ်

နေပြည်တော် မတ် ၁၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီခွဲတွင် အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပသည့် အနုပညာအထက်တန်းကျောင်း (ရန်ကုန်)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်တန်းဆင်းအောင် လက်မှတ်ပေးအပ်ပွဲနှင့်စွမ်းရည်ပြ ပဒေသာကပွဲသို့ တက်ရောက်သည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက အနုပညာကျောင်းဆင်း မောင်မယ်များသည် မိမိတို့၏ မူလမူရင်းဖြစ်သော မြန်မာ့ရိုးရာကို အခြေခံသော အနုသုခုမပညာရပ်များကို ပိုင်နိုင်စွာ သင်ကြားတတ်မြောက်ကြရမည်ဖြစ်သကဲ့သို့ ခေတ်နှင့်လျော်ညီသည့် နည်းပညာပိုင်းဆိုင်ရာများကို ဆက်စပ်ပေါင်းစည်းဆောင်ရွက်နိုင်ကြရန် အားထုတ်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း။

ဌာနအတွင်း၌သာမက ပြင်ပအဖွဲ့အစည်း လုပ်ငန်းကုမ္ပဏီများတွင်လည်း အနုပညာ၏ အရေးပါမှုကို ထည့်သွင်းအသုံးချနေပြီ ဖြစ်ကြောင်း၊ ထိုနည်းတူ ပန်းချီပန်းပုပညာရှင်များ၏ စျေးကွက်ဝင်ပန်းချီပြခန်းများနှင့် ပန်းပုလုပ်ငန်းတို့သည် ပြည်ပပို့ကုန်လုပ်ငန်းအထိ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ကြောင်း၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို စောင့်ရှောက်ထိန်းသိမ်း မြှင့်တင်သွားကြမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဦးတည်ချက် ၁၂ ရပ်တွင် ပါဝင်သော “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူသည့်အချက်ကို အလေးအနက်ထားကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်း ကျောင်းသားကျောင်းသူ ၁၉ ဦးကို သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး ကျောင်းဆင်း စွမ်းရည်ပြပဒေသာကပွဲကို ကြည့်ရှုအားပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ တာဝန်ရှိသူများနှင့်အတူ သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက်၊ ပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထား၍ သင်္ကန်းနှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒအား ဖူးမြော်ကြည်ညိုကာ ကဆုန်လပြည့်နေ့တွင် နေပြည်တော်၌ ကျင်းပမည့် “ဗုဒ္ဓနေ့အခမ်းအနား” ကျင်းပရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပါမောက္ခချုပ်ဆရာတော်အား သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်၊၊

သတင်းစဉ်