Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နှင့် လေးမျက်နှာမြို့တို့၌ ဆောင်ရွက်နေသည့် မြစ်ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ ရန်ကင်းစံရာကူးတို့ဆိပ်အောက်ပိုင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုလုပ်ငန်းခွင်နှင့် လေးမျက်နှာမြို့နယ်ရှိ သမိုင်းဝင်စတုမုခ ထူပါရုံစေတီတော်ကြီးတည်ရှိရာ ကမ်းပါးပြို ကာကွယ်ရေးလုပ်ငန်းခွင်နေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နှစ်အလိုက်စီမံချက်ချမှတ်၍ ဆောင်ရွက်နိုင်

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ အမှတ်(၃)ရပ်ကွက် ရန်ကင်းစံရာ ကူးတို့ဆိပ်အောက်ပိုင်း၊ ၁၄ လမ်းနှင့် ၁၆ လမ်းအကြား၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုလုပ်ငန်းခွင် သို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေ မှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြို့ကမ်းပါးပြိုကျမှု အန္တရာယ်စိုးရိမ်ရသည့် အခြေအနေ ထပ်မံဖြစ်ပေါ်လာခြင်း မရှိစေရေးအတွက် လက်ရှိဆောင်ရွက်နေသည့် နည်းပညာနှင့် ဒီဇိုင်းအတိုင်း စံချိန်စံညွှန်းပြည့်မီအောင်နှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် စနစ်တကျဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိုးရာသီမြစ်ရေ မတက်မီသတ်မှတ်ထားသည့် အချိန်ကာလအတွင်း လုပ်ငန်းများပြီးမြောက်အောင် ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မြို့ကမ်းနားတစ်လျှောက် ကြိုတင်ကာကွယ်ဆောင်ရွက်သင့်သည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအတွက်လည်း နှစ်အလိုက်စီမံချက်ချမှတ်၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မှာကြားသည်။

ရေလွှဲရေကာနံရံများ တည်ဆောက်

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်ရှိ သမိုင်းဝင်စတုမုခထူပါရုံ စေတီတော်ကြီး တည်ရှိရာကမ်းပါး ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကာကွယ်ရေးဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တာဝန်ရှိသူက စေတီတော်မြတ်ကြီးအား မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ငဝန်မြစ်ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းရေး ရေလွှဲရေကာနံရံများ တည်ဆောက်ခြင်း၊ သောင်တူးဖော်ခြင်း၊ အခြေထိန်း Bore Pile တည်ဆောက်ခြင်း၊ ကမ်းပါးဆင်ခြေလျောတွင် Geo Bag များ ချခင်းခြင်း လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြသည်။

လေလွင့်မှုမရှိအောင် ကြပ်မတ်ဆောင်ရွက်

ရှင်းလင်းတင်ပြမှုကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းအတွက် အသုံးပြုနေသည့် လုပ်ငန်းသုံးပစ္စည်းများကို အရည်အသွေး ပြည့်မီအောင် သုံးစွဲဆောင်ရွက်ရေး၊ နိုင်ငံတော်ဘဏ္ဍာ ငွေကျခံသုံးစွဲ ဆောင်ရွက်ပေးနေခြင်းဖြစ်၍ လေလွင့်မှုမရှိအောင် ကြပ်မတ်ဆောင်ရွက်ရေး၊ ဆက်လက် ဆောင်ရွက်ရန်ကျန်ရှိနေသည့် လုပ်ငန်းများကိုလည်း အထိရောက်ဆုံးသော ရေရှည်ခံနိုင်ရည်ရှိမည့် ဒီဇိုင်းများဖြင့် တီထွင်ဖော်ထုတ် သုံးသပ်ဆောင်ရွက်သွားရေး၊ စေတီတော်အထက်နှင့် အောက်ဘက်ရှိ ရေနက်အိုးများအတွင်း သဲဖြည့်ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်နှင့်လိုက်လျောညီထွေမှုရှိပြီး ရေရှည် တည်တံ့မည့် နည်းလမ်းများဖြင့် ဆောင်ရွက်ရေး၊ စေတီတော်အနီး ငဝန်မြစ်ရေကြောင်းကျဉ်းပြီး ရေနက်ကြောင်းများ ဖြစ်ပေါ်နေမှုကို လျှော့ချနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် ရေကြောင်းချဲ့သောင်တူး ခြင်းလုပ်ငန်းကို မိုးရာသီမြစ်ရေမတက်မီ ပြီးစီးအောင် ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းမှုကို အလေးထားဆောင်ရွက်စေရေးစသည်တို့ကို မှာကြားပြီးနောက် လုပ်ငန်းခွင်နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်