နေပြည်တော် မတ် ၁၉
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးတို့သည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
လူမှုစီးပွားဘဝမြင့်မားရေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုက ဈေးကွက်စီးပွားရေးကို အောင်မြင်အောင် ဆောငရွက်သွားကြရန်နှင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရာတွင် အခြားပြည်ပနိုင်ငံများ၏ ဆောင်ရွက်မှုနည်းပညာများကို လေ့လာပြီးမိမိနိုင်ငံနှင့် ကိုက်ညီအောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေးတို့အတွက် စီးပွားရေးအထောက် အကူပြုစိုက်ပျိုးမွေးမြူရေး အခြေခံအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး MSME လုပ်ငန်းများ အောင်မြင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အထောက်အကူပြု ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
မျိုးကောင်းမျိုးသန့်များအသုံးပြု
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် မိမိအလုပ်ကို အာရုံစိုက်ပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အစုအဖွဲ့ဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရေး၊ မျိုးကောင်းမျိုးသန့်များမျိုးစပ်ပြီး မွေးမြူရေးဈေးကွက်ရရှိရေးတို့ကို ဝိုင်းဝန်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်များ အသုံးပြုရေး၊ စိုက်ပျိုးရေရရှိရေး၊ သွင်းအားစုများ ထောက်ပံ့နိုင်ရေး၊ စံပြလယ်ယာစနစ်ဖော် ဆောင်နိုင်ရေး၊ ဈေးကွက်ရရှိနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသထွက်ကုန်များကိုအခြေခံပြီး တန်ဖိုးမြှင့်စားသောက်ကုန် (Value Added)များ ထုတ်လုပ်နိုင်ရေးသင်တန်းများ ပို့ချဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သင်တန်းအောင်မြင်ပြီး ထူးချွန်သင်တန်းသားများအတွက် လိုအပ်သည့်အရင်းအနှီး၊ နည်းပညာများ ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျေးလက်ရေရရှိရေး၊ မီးလင်းရေး၊ လမ်း၊ တံတားများ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စံပြကျေးရွာများ ထူထောင်ရေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ကို အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိဦးစီးဌာနနှင့်သာ သက်ဆိုင်သည်ဟု သဘောမထားဘဲ ဦးစီးဌာနလေးခုလုံး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှသာ ပိုမိုထိရောက်မြန်ဆန်အောင်မြင်နိုင်မည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ ဦးစီးဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်