Skip to main content

ပြည်သူလူထုကျန်းမာရေး ပတ်ဝန်းကျင်ကိုထိန်းသိမ်းပေး

ပြည်သူလူထုကျန်းမာရေးအတွက် နေထိုင်စားသောက်မှုပုံစံများသည် အရေးကြီးသကဲ့သို့ ပတ်ဝန်းကျင်သန့်ရှင်းရေးသည်လည်း အထူးအရေးကြီးသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက် (၁၂)ရပ်တွင် လူမှုရေးဦးတည်ချက်၌ “နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ဖြစ်ပေါ်လာရေး” ကို အလေးထားအကောင်အထည် ဖော်လျက်ရှိသည်။

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရေးအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးရေး လုပ်ငန်းများသာမက အစားအစာများ ဘေးကင်းလုံခြုံစိတ်ချရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုကို ထိန်းသိမ်းစောင့်ရှောက်ပေးရေးလုပ်ငန်းများ လည်းပါဝင်ပေသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၌ ပတ်ဝန်းကျင် လေထုအရည်အသွေးကောင်းမွန်ရေးသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။မြန်မာ နိုင်ငံတစ်ဝန်းရှိ ဝန်းကျင်လေထုအရည်အသွေး အခြေအနေများကို လေ့လာ ဆန်းစစ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဝန်းကျင်လေထုအရည်အသွေးကို ပုံမှန်စစ်ဆေးပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း လေထုအရည်အသွေး လေ့လာဆန်းစစ်ချက်ကို အသိပေးထုတ်ပြန်ခဲ့သည်။

ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်တွေ့ရှိချက်အရ ညောင်ဦးမြို့၊ ထားဝယ်မြို့၊ မြစ်ကြီးနားမြို့နှင့်စစ်တွေမြို့တို့သည် လေထုအရည်အသွေးကောင်းမွန် သောအဆင့်ရှိသည်။ ဗိုလ်တထောင်မြို့နယ်၊ ကျောက်ဆည်မြို့၊ မိတ္ထီလာမြို့၊ ပြင်ဦးလွင်မြို့၊ မုံရွာမြို့၊ ဘားအံမြို့၊ မော်လမြိုင်မြို့၊ ကျောက်ဖြူမြို့တို့သည် လေထု အရည်အသွေးလက်ခံနိုင်သောအဆင့်ရှိသည်။ ဥတ္တရသီရိမြို့နယ်၊ အမရပူရမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပဲခူးမြို့တို့သည် ကျန်းမာရေးကို ထိခိုက်နိုင်သောအဆင့်ရှိသည်။ တာချီလိတ်မြို့သည် ခံနိုင်ရည်နည်းပါးသူအတွက် ထိခိုက်နိုင်သောမြို့ဖြစ်သည်ဟု လေ့လာတွေ့ရှိခဲ့သည်။ လေထုအရည်အသွေးသည် နေရာတစ်ခု၌ ပုံမှန်အားဖြင့်မရှိနိုင်ဘဲ အပြောင်းအလဲဖြစ်နိုင်သည်။ လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု၊ မော်တော်ယာဉ်သုံးစွဲမှု၊ စက်ရုံများမှ ထုတ်လွှတ်သော အခိုးအငွေ့များအပေါ်မူတည်၍ အပြောင်းအလဲ ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ မျက်မှောက်ကာလတွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမှု၊ လူဦးရေထူထပ်မှု၊ စက်ရုံအလုပ်ရုံ၊ မော်တော်ယာဉ်များတိုးပွားလာမှု၊ စည်းကမ်းနှင့် မညီညွတ်သည့် စီးပွားရေးလုပ်ငန်းများ များပြားလာမှုတို့ကြောင့် ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုသည် ကျေးလက်ဒေသများမှလွဲ၍ မြို့ပြဒေသများတွင် အနည်းနှင့်အများရှိနေမည်ဖြစ်သည်။ ဝန်းကျင်လေထုအရည်အသွေးကို စစ်ဆေးပြီးလျှင် ဝန်းကျင်လေထု ပြန်လည်တိုးတက် ကောင်းမွန်လာရန်အတွက် ဝိုင်းဝန်းပူးပေါင်း လက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးတို့က ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပေးပြီး စည်းကမ်းနှင့်အညီ လိုက်နာနေထိုင်လုပ်ကိုင်နိုင်အောင်ကြပ်မတ်ထိန်းသိမ်းဆောင်ရွက် ပေးခြင်းဖြင့် ဝန်းကျင်လေထုသန့်ရှင်းကောင်းမွန်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လူမှုဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုသည် သဘာဝတရား၊ သက်ရှိများကို တည်ငြိမ်မှုမရှိစေခြင်း၊ ဖရိုဖရဲဖြစ်စေခြင်း၊ အန္တရာယ်အမျိုးမျိုး သို့မဟုတ် လူတို့မသက်မသာဖြစ်ခြင်း တို့ကိုဖြစ်စေသည်။ မသန့်ရှင်းသောဓာတ်ပစ္စည်းများ ပျံ့လွင့်ခြင်းသာမက ဆူညံသံ၊ အပူ သို့မဟုတ် အလင်းကဲ့သို့ စွမ်းအင်များလည်းပါဝင်သည်။ လူတို့သည် တန်ချိန် သန်းပေါင်းများစွာရှိသော ဓာတ်ငွေ့နှင့် အမှုန်များကို နှစ်စဉ်လေထုအတွင်းစွန့်ထုတ်ခြင်းဖြင့် လေထုညစ်ညမ်းမှုကိုဖြစ်စေသည်။ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများမှ ထုတ်လွှတ်သော အမှုန်အမွှားများသည် လေထုညစ်ညမ်းမှုကို ဖြစ်စေသည်။ မော်တော်ယာဉ်ကဲ့သို့ စက်ပစ္စည်းများကြောင့်လည်းကောင်း၊ ဓာတ်ဆီ၊ ဒီဇယ်၊ ကျောက်မီးသွေး စသည့်လောင်စာများ လောင်ကျွမ်းခြင်းကြောင့်လည်းကောင်း လေထုညစ်ညမ်းမှုကို အများဆုံးဖြစ်စေသည်။

လေထုညစ်ညမ်းခြင်းကြောင့် ပန်းနာရင်ကျပ်နှင့် အဆုတ်ရောင်ရောဂါကို အများဆုံးဖြစ်နိုင်သည်။ အချို့ပညာရှင်များက ကင်ဆာရောဂါဖြစ်နိုင်သည်ဟု ဆိုထားသည်။ အပင်များရှင်သန်ရေးကိုလည်း ထိခိုက်စေနိုင်သည်။ လေထုထဲတွင် ပျံ့နှံ့နေသော အမှုန်အမွှားများနှင့် ဓာတ်ငွေ့များသည် သဘာဝအပူချိန်ကို ပြောင်းလဲစေနိုင်သဖြင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှု ဖြစ်ပေါ်လာနိုင်သည်။ ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသော ဆူညံသံများသည် လူတို့ကိုစိတ်ညစ်ညူးစေပြီး ကျန်းမာရေးကို ထိခိုက်နိုင်သည်။ လေ့လာတွေ့ရှိမှုအရ လေထုညစ်ညမ်းမှုကင်းစင်သည့်နိုင်ငံများရှိ ပြည်သူများသည် အသက်ရှည်ကျန်းမာကြောင်းတွေ့ရှိရသည်။ နှစ်စဉ် ကမ္ဘာတစ်ဝန်း၌ လေထုညစ်ညမ်းမှုကြောင့် လူခုနစ်သန်းနီးပါး ကျန်းမာရေးထိခိုက်မှုများရှိနေသည်။ သို့ဖြစ်ရာ ပြည်သူလူထုကျန်းမာရေးအတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ပေးရန် အထူးလိုအပ်ပါကြောင်း။ ။