Skip to main content

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့စတင်ကျင်းပ

နေပြည်တော် မတ် ၁၇

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်း ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

လေ့လာကြည့်ရှု

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ထို့နောက် ရတနာကုန်သည်များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့်ပုလဲအတွဲများ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ရောင်းချပေးသွားမည်

ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

ပုလဲအတွဲများကို မတ် ၁၇ ရက်တွင် စတင်ခင်းကျင်းပြသပြီး မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း၊ ကျောက်မျက်အတွဲများကို မတ် ၁၇ ရက်မှ ၁၉ ရက်အထိ ခင်းကျင်းပြသပြီး မတ် ၂၀ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲများကို မတ် ၁၇ ရက်မှ ၂၀ ရက်အထိ ခင်းကျင်းပြသပြီး မတ် ၂၁ ရက်မှ ၂၃ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်သည်။

ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် အခြေခံဈေးထားရှိပြီး တန်ဖိုးငွေပေးချေရာတွင် ပြည်ပကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်နှင့် ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းကုန်သည်များသည် မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို ယူရိုငွေဖြင့် အခြေခံဈေးထားရှိပြီး ကျောက်မျက်အတွဲများအတွက် တန်ဖိုးငွေပေးချေရာတွင် ပြည်ပကုန်သည်များ သည်အမေရိကန်ဒေါ်လာ (သို့မဟုတ်)ယွမ်ငွေ (သို့မဟုတ်) ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းကုန်သည်များသည် မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲများအတွက် တန်ဖိုး ငွေပေးချေရာတွင် နိုင်ငံခြားငွေဖြင့်သာ ပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်း ပြည်ပကုန်သည်များသည် အမေရိကန်ဒေါ်လာ (သို့မဟုတ်)ယွမ်ငွေ (သို့မဟုတ်) ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ နိုင်ငံခြားငွေ(သို့မဟုတ်) မြန်မာကျပ်ငွေဖြင့်ပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်းကုန်သည်များသည် မြန်မာကျပ်ငွေဖြင့် လည်းကောင်း၊ ပြည်ပကုန်သည်များသည် အမေရိကန်ဒေါ်လာ (သို့မဟုတ်) ယွမ်ငွေ (သို့မဟုတ်) ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်းပေးချေနိုင်ကြောင်း သိရသည်။

ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့်လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်းဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက်ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ခုနှစ်မှ စတင်၍ အောင်မြင်စွာကျင်းပခဲ့ရာ ယခုကျင်းပပြုလုပ်သည့် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ် ၁၇ ရက်မှ ၂၃ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အောင်ရဲသွင်

ဓာတ်ပုံ - ကိုကိုအေး